တောင်ကိုရီးယားဓာတ်ပုံသတင်းထောက်ကို တရုတ်လုံခြုံရေးက ရိုက်နှက်မှုစုံစမ်းစစ်ဆေးမည်

တရုတ်နိုင်ငံမှာ တောင်ကိုရီးယား ဓာတ်ပုံသတင်းထောက်တဦးကို လုံခြုံရေးဝန် ထမ်းတွေက ရိုက်နှက်ခဲ့မှုအပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။
အဆိုပါ သတင်းထောက် အမျိုးသားဟာ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းရဲ့ ဘေဂျင်းခရီးစဉ်ကို သတင်းယူဖို့ ရောက်ရှိနေခဲ့ချိန်မှာ ခုလိုဖြစ်ခဲ့တာလို့ ဘီဘီစီသတင်း မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့က ဖော်ပြပါတယ်။
လုံခြုံရေးဝန်ထမ်းတွေဟာ သတင်းထောက်ကို မြေပြင်ပေါ်တွန်းလှဲချပြီး ထိုးနှက် ကန်ကျောက်ခဲ့ကြတာမို့ မေးရိုးကျိုးသွားခဲ့ကာ မျက်လုံးတဖက်ရဲ့ သွေးပြန်ကြောတွေ ပေါက်သွားခဲ့တယ်လို့ ဆိုပါတယ်။
ခုလိုလုပ်ဆောင်ခဲ့မှုအပေါ် ကိုရီးယားသတင်းမီဒီယာတွေကတော့ ပြင်းပြင်းထန် ဝေဖန်နေကြပါတယ်။
အတိုက်အခံပါတီတခုဖြစ်တဲ့ ကိုရီးယားလွတ်မြောက်ရေးပါတီကတော့ သမ္မတကို ခရီးစဉ်ဖျက်သိမ်းပြီး ပြန်လာခဲ့ဖို့ တောင်းဆိုခဲ့ကြပြီး ဒီအကြမ်းပတမ်းလုပ်ဆောင်တဲ့ လုပ်ရပ်ဟာ တောင်ကိုရီးယားတနိုင်ငံလုံးကို ဆန့်ကျင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုလို့ ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ ကုန်သွယ်ရေးပြပွဲတခုအတွင်း တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ရဲ့ နောက်ကနေ လိုက်ပါလာတဲ့အတွက် လုံခြုံရေးတွေက တားမြစ်ခဲ့ချိန်မှာ ခုလိုဖြစ်ခဲ့တာလို့ သတင်းက ဆိုပါတယ်။
လက်ရှိမှာတော့ တောင်ကိုရီးယားအင်တာနက်အသုံးပြုသူတွေကြားမှာ ဝေဖန်မှု တွေလည်း မြင့်တက်နေခဲ့ကာ တရုတ်ရဲ့ အပြုအမူအပေါ် စိတ်ဆိုးဒေါသထွက်ခဲ့ကြတာပါ။
တောင်ကိုရီးယားနိုင်ငံရဲ့ သြဇာအကြီးမားဆုံး သတင်းစာဖြစ်တဲ့ ချိုဆန်းသတင်း စာကတော့ တရုတ်ရဲ့ ပေါ့တန်တဲ့ သံတမန်ဆက်ဆံရေးနဲ့ သမ္မတရဲ့ သတင်းထောက်တ ဦးအပေါ် ခုလိုအကြမ်းဖက်မှုဟာ မတော်တဆဖြစ်ရပ်မဟုတ်ဘူးလို့ ပြောလိုက်ပြီး ဒါဟာ တရုတ်ရဲ့ အထက်စီးနင်းဆန်တဲ့ အကြမ်းဖက်သဘာဝနဲ့ ဆိုးလ်ရဲ့ အောက်ကျို့တတ်တဲ့ အပြုအမူကြောင့် ဖြစ်တယ်လို့ ရေးသားဖော်ပြပါတယ်။