အင်ဒိုနီးရှားနိုင်ငံသား ၈ သောင်းကျော် အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြ

အင်ဒိုနီးရှားနိုင်ငံသား ထောင်သောင်းချီနေတဲ့ မွတ်စလင်တွေ မြို့တော်ဂျကာတာ အလယ်က ရင်ပြင်ထဲနဲ့ အမေရိကန်သံရုံးရှေ့မှာ တနင်္ဂနွေနေ့က စုရုံးခဲ့ကြပါတယ်။
ဂျေရုဆလင်မြို့ကို အစ္စရေးရဲ့ မြို့တော် အဖြစ် အသိအမှတ်ပြုကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင် ဆန္ဒပြနေတာပါ။
ဒါဟာ ဒီလအစောပိုင်းက ထရမ့်ရဲ့ ကြေညာချက်အပြီး အင်ဒိုနီးရှားမှာ အကြီးဆုံး ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။
မွတ်စလင် အုပ်စု အသီးသီးက ဒီချီတက်ပွဲကို စီစဉ်ခဲ့ပြီး တက်ရောက်လာသူ အယောက် ရှစ်သောင်းလောက် ရှိမယ်လို့ ရဲတွေက ခန့်မှန်းပါတယ်။
ဆန္ဒပြမှုက ငြိမ်းချမ်းပေမယ့် ရဲတွေကတော့ အမေရိကန်သံရုံး အပြင်ဘက်မှာ သံဆူးကြိုးတွေချထားပြီး စောင့်ကြပ်နေတာပါ။
သံရုံးလုံခြုံရေး သေချာစေဖို့ ရဲနဲ့စစ်သား အယောက် ၂ သောင်းလောက်ကို တာဝန်ချထားတယ်လို့ ရဲပြောခွင့်ရက ပြောပါတယ်။
ဆန္ဒပြသူတွေဟာ အင်ဒိုနီးရှားနဲ့ ပါလက်စတိုင်း အလံတွေကို ဝှေ့ရမ်းရင်း ထရမ့်ကို ဆန့်ကျင် ဆန္ဒပြနေတာပါ။
မွတ်စလင်တွေက ပါလက်စတိုင်းတွေကို ကယ်တင်ဖို့လည်း တိုက်တွန်းပြီး ထရမ့်ရဲ့ သူ့ကြေညာချက်ကို ပြန်ရုပ်သိမ်းဖို့လည်း ဆော်သြပါတယ်။
ဒါဟာ ကျန်ခဲ့တဲ့ သီတင်းပတ်က ထရမ့်ရဲ့ကြေညာချက်အပြီး ဂျကာတာမှာ လေးကြိမ်မြောက် ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။