ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နှစ်နိုင်ငံပူးပေါင်း၍ အကြမ်းဖက်ဝါဒကို နှိမ်နင်းသင့်

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေဟာ အကြမ်းဖက်ဝါဒကို နှိမ်နင်းဖို့ နှစ်ဦးနှစ်ဖက် ပါဝင်တဲ့ လုပ်ငန်းစဉ်ကို ပြောင်းလဲ ဖော်ဆောင်သင့်တယ်လို့ ပါကစ္စတန် ပညာရှင် တယောက်က ပြောပါတယ်။
ပါကစ္စတန်ငြိမ်းချမ်းရေးလေ့လာမှုသိပ္ပံ(PIPS)ရဲ့ ညွှန်ကြားရေးမှူး အမီယာရာနာက စီစီတီဗီရုပ်သံနဲ့ လူတွေ့ မေးမြန်းခန်းမှာ ခုလို မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။
အကြမ်းဖက်သမားတွေဟာ တိုက်ခိုက်မှုတွေ ဆက်လုပ်နေပြီး သူတို့ရဲ့ ပံ့ပိုးမှု အခြေစိုက်စခန်းတွေဟာ ပါကစ္စတန် နိုင်ငံထဲမှာ အထိအခိုက်မရှိ တည်ရှိနေဆဲလို့လည်း သူက ပြောပါတယ်။
ကျောင်းတွေ ဗလီတွေနဲ့ ဆေးရုံတွေဟာ ပုံမှန်လူပြည့်တဲ့ နေရာတွေဖြစ်လို့ အကြမ်းဖက် တိုက်ခိုက်မှု အဖြစ်နိုင်ဆုံးနေရာတွေ ဖြစ်လာတယ်လို့ ရာနာက ပြောပါတယ်။
အကြမ်းဖက်သမားတွေဟာ နယ်စပ်ရဲ့ တခြားတဖက်မှာ သူတို့ကွန်ရက်တွေကို နေရာရွှေ့ ထားခဲ့ပြီးပြီ တိုက်ခိုက်မှုတွေကို စီမံခန့်ခွဲပြီး ပံ့ပိုးရေး အခြေစိုက်စခန်းတွေက ပါကစ္စတန် နိုင်ငံထဲမှာ ရှိနေတယ်လို့ ရာနာက ပြောပါတယ်။
“စစ်သွေးကြွအများအပြားက အာဖဂန်နစ္စတန် နိုင်ငံထဲကို ထွက်ပြေးခဲ့လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် အစိုးရတွေဟာ တာလီဘန်လို အကြမ်းဖက် အဖွဲ့အစည်းတွေကို နှိမ်နင်းဖို့ ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင် ရွက်မှုတွေ တိုးမြှင့်သင့်တယ်။ အနာဂတ် ဗျူဟာတွေထဲမှာ ဒီအချက်ကို အာရုံစိုက်ရလိမ့်မယ်” လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ် ဒီဇင်ဘာလက ပတ်ရှဝါမြို့ တပ်တွင်းကျောင်းကို တာလီဘန်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့လို့ လူ ၁၄၀ ကျော် သေဆုံးခဲ့ ပါတယ်။
ခုတော့ ကျောင်းကို အကြီးအကျယ် လုံခြုံရေးတိုးမြှင့်ထားပြီး ကားဗုံးခွဲမှုကနေ ကာကွယ်ဖို့ ကျောင်းသားမိဘတွေဟာ ကျောင်းနဲ့ဝေးရာမှာ ကားတွေကို ရပ်နားရပါတယ်။
သေဆုံးခဲ့တဲ့ ကျောင်းသားတွေနဲ့ ဆရာတွေရဲ့ ဓာတ်ပုံတွေကို ကျောင်းရဲ့ အဓိက လမ်းဆုံ နံရံမှာ ချိတ်ဆွဲ ထားပါတယ်။