ချီလီနိုင်ငံတွင် မြေပြိုကျမှုကြောင့် လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများရှိ
ချီလီနိုင်ငံတောင်ပိုင်းမှာ ဒီဇင်ဘာလ ၁၆ ရက် ကရွှံ့မြေပြိုကျမှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး ၁၅ ဦး ပျောက်ဆုံးနေပါတယ်။
ချိုင်တန်မြို့အနီးက ဆန်တာလူစီယာရွာလေးမှာ ညလုံးပေါက် မိုးသည်းထန်စွာ ရွာခဲ့ပြီးနောက် ရွှံ့မြေပြိုကျမှု ဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ရဟတ်ယာဉ်ပေါ်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ ဆန်တာလူစီယာ ရွာဟာ ရွှံ့မြေထဲ နစ်မြုပ်နေတာကို မြင်တွေ့ရပါတယ်။
ရွှံ့မြေပြိုကျမှုကြောင့် ကျောင်းတစ်ကျောင်း၊ နေအိမ်အမြောက်အမြား၊ မော်တော်ကားလမ်းတခုနဲ့ ချီလီသမ္မတ ရွေးကောက်ပွဲအတွက် ပြုလုပ်ထားတဲ့ မဲရုံတရုံတို့ ပျက်စီးခဲ့ရပါတယ်။
ကယ်ဆယ်ရေး လုပ်သားတွေဟာ အသက်ရှင်သူတွေကို ဆက်လက်ရှာဖွေနေပြီး ချီလီအစိုးရက အဲဒီဒေသကို သဘာဝဘေး အန္တရာယ်ကျရောက်ရာဒေသအဖြစ် ကြေညာခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။