ရှစ်လေးလုံးပါတီဟု အမည်ပေးရန် ၈၈မျိုးဆက်များဆုံးဖြတ်
ပိုင်စိုး
·
December 17, 2017
၈၈ မျိုးဆက်ကျောင်းသားတွေဦးဆောင်တဲ့ နိုင်ငံရေးပါတီသစ်ကို ရှစ်လေးလုံးပါတီလို့ အမည်ပေးဖို့ ဒီနေ့ တညီညွတ်ထဲ သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။
ရန်ကုန်မှာ ၂ရက်ကြာကျင်းပနေတဲ့ နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီရဲ့ ဒုတိယအကြိမ် စုံညီအစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာဖြစ်ပြီး ပါတီရဲ့ အလံ၊ အမှတ်တံဆိပ်တွေကိုလည်း ရွေးချယ်ဆုံးဖြတ်ခဲ့ ကြတာပါ။
ကော်မတီရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအံ့ဘွယ်ကျော်က “ပထမညီလာခံမှာ ကတည်းက ပါတီနာမည်အတွက် တိုင်းနဲ့ပြည်နယ် ကိုယ်စားလှယ်တွေက အဆိုပြုထားတာတွေ ရှိပါတယ်။ ရှစ်လေးလုံး ပြည်သူ့ပါတီတို့၊ ရှစ်လေးလုံး ဒီမိုကရေစီပါတီတို့ စသည်ဖြင့် ရှစ်လေးလုံးဆိုတာကို ပါစေချင်တယ်ပေါ့။ အခုတော့ အားလုံး သဘောတူထားတဲ့ နာမည်ကို ရွေးလိုက်တာပါ။ ရှေ့တပတ်အတွင်းမှာ ပါတီမှတ်ပုံတင်ဖို့ ကော်မရှင်ကို တင်ပါမယ်” လို့ ပြောပါတယ်။
နိုင်ငံရေးပါတီတခု ဖြစ်လာဖို့အတွက် ဗဟိုလုပ်ငန်းကော်မတီကို ပြီးခဲ့တဲ့ ဇူလိုင်မှာ စတင်ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။