အမြန်လမ်းပေါ်ကားပျက်၍တွန်းနေသည့်ကားကို နောက်ကားဝင်တိုက်၊ ၁ ဦးသေ ၄ ဦး ဒဏ်ရာရ
DVB
·
December 17, 2017
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၂၂/၄ နဲ့ ၅ အကြား ဒီဇင်ဘာ ၁၇ ရက် မနက်က ကားပျက်လို့ တွန်းနေတဲ့လိုက်ထရပ်ကားကို အရှိန်မထိန်းနိုင်တဲ့ အိမ်စီးကားတစီးက ဝင်တိုက်မိရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရသွားတယ်လို့ ပြင်စည်အမြန်လမ်းရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။
ရန်ကုန်မှမန္တလေးဘက်ကိုလာတဲ့ တောင်ဒဂုံမြို့ အမှတ် (၂၄) ရပ်ကွက် သီင်္ဂီလမ်းနေသူ ကိုတင်ထွန်းနောင် မောင်းနှင်တဲ့အိမ်စီးကားဟာ လိုက်ထရပ်ကားပျက်လို့ တွန်းနေတဲ့ ကျောက်ဆည်မြို့ မြို့ဦးရပ်မှာနေ ဒေါ်မိမိခိုင်ကို တိုက်မိကာ ဒေါ်မိမိခိုင်မှာနေရာတင် သေဆုံးသွားပြီး ၄ ဦး ဒဏ်ရာရသွားခဲ့တာပါ။
ပြင်စည်အမြန်လမ်း ရဲစခန်းစခန်းမှူးက “ လိုက်ထရပ်ကားက ဒေါ်မိမိခိုင်က ခြေ ၂ ဖက် ကျိုးတယ်။ ကျောရိုးကျိုးတယ်၊ ဗိုက်ပေါက်တယ်၊ နေရာတင် သေဆုံးသွားတယ်။ ကျန် ဒဏ်ရာရသူတွေက မစိုးရိမ်ရပါဘူး။ တပ်ဖွဲ့ပိုင်ကားနဲ့ပဲ နွားထိုးကြီးဆေးရုံပို့ပေးရတယ်”လို့ ပြောပါတယ်။
ပြင်စည်အမြန်လမ်းရဲစခန်းမှာ ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု၊ ပြင်းထန် ဒဏ်ရာရစေမှု၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)