Home
မြန်မာသတင်း
ကာကွယ်ရေးဝန်ကြီးဌာနက တပ်သိမ်းမြေဧက ၂သိန်းခွဲကျော် ပြန်အပ်နှံ
DVB
·
December 17, 2017
  ပြည်သူတွေထံကနေ ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းဆည်းထားခဲ့တဲ့ တပ်သိမ်းလယ်ယာမြေတွေထဲက ဧက ၂ သိန်းခွဲကျော် ပြန်လည်အပ်နှံလိုက်တယ်လို့  အစိုးရပြန်ကြားရေးကထုတ်ပြန်ပါတယ်။ တပ်သိမ်းမြေတွေကို ဒီနှစ်ထဲမှာ အပြီးအပ်နှံဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ၂၀၁၇ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ မြေဧကပေါင်း ၂၅၈ဝ၁၃ ဒသမ ၅၅၉ ကို နိုင်ငံတော်ကို အပ်နှံခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ်က ဖော်ပြခဲ့တဲ့ ပြန်စွန့်လွှတ်မယ်ဆိုတဲ့ ဧကထက် ၅ သောင်းလောက် ပိုပြီး အပ်နှံခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။ ပြန်စွန့်လွှတ်တာ အများဆုံးကတော့ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်က ဖြစ်ပြီး စုစုပေါင်းဧကရဲ့ ထက်ဝက်ကျော်ရှိနေပါတယ်။ အပ်နှံလိုက်တဲ့ မြေတွေထဲက ဧကပေါင်း တသိန်းခုနစ်သောင်းကျော်ကိုတော့ နိုင်ငံပိုင်သတ်မှတ်ထားပြီး ဖြစ်တယ်လို့လည်း ထုတ်ပြန်မှာ ဖော်ပြထားပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ မူလလျာထားချက်ထက်ပိုပြီးတော့ စွန့်လွှတ်မြေတွေကို အပ်နှံပြီးပေမယ့် ဌာနဆိုင်ရာတွေ အပါအဝင် ပြည်သူတွေက တောင်းခံလာတာနဲ့ ပတ်သက်ပြီး ကိစ္စတခုချင်းအလိုက် စိစစ်ပြီး လိုအပ်သလို ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ တပ်ပိုင်သိမ်းဆည်းမြေတွေကို ပြန်တောင်းခံရင်း စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းမှာ ရာနဲ့ချီတဲ့ လယ်သမားတွေ ဖမ်းဆီး ထောင်ချခံခဲ့ရဖူးပါတယ်။ ဒါ့အပြင် သိမ်းဆည်းမြေကို ပြန်စွန့်လွှတ်ပေမယ့် မူလပိုင်ရှင်တွေ ပြန်မရတာတွေလည်း ရှိတယ်လို့ မြေယာကိစ္စဆောင်ရွက်ပေးသူတွေက ပြောပါတယ်။ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေကိစ္စတွေ ဖြေရှင်းဖို့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်မှာ ကတည်းက လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု များကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး အတွက် စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024