နှစ်လယ်ကျောက်မျက်ရတနာပြပွဲမှ ယူရိုငွေ ၃၇ သန်းကျော် ရရှိ
DVB
·
December 17, 2017
နေပြည်တော်မှာ ကျင်းပနေတဲ့ နှစ်လယ်ကျောက်မျက်ရတနာပြပွဲမှာ မနေ့က ကျောက်စိမ်းအတွဲတွေကို အိတ်ဖွင့်တင်ဒါနဲ့ ရောင်းချရာမှာ ယူရို ၃၇ သန်းကျော် (ကျပ် သန်းပေါင်း ၆ သောင်းလောက်) ရရှိခဲ့တယ်လို့ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ထုတ်ပြန်ပါတယ်။
ပြပွဲ ၅ ရက်မြောက်နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၆ ရက်က ကျောက်စိမ်းအတွဲပေါင်း ၁၁၅၀ ကိုရောင်းချရာမှာ ၉၆၇ တွဲကို ရောင်းချနိုင်ခဲ့တာပါ။ဒီပြပွဲကို ပြည်တွင်းပြည်ပ ကျောက်မျက်ကုန်သည်ပေါင်း ၅ ထောင်လောက် ရောက်နေတယ်လို့လည်း ဆိုပါတယ်။
ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း ကျောက်မျက် ၃၂ တွဲကို ယူရို ဒသမ ၇၆ သန်း (ကျပ်သန်း ၁၂၀၀ ကျော်)နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ နှစ်လယ် ကျောက်မျက်ပြပွဲကို ဒီဇင်ဘာ ၁၂ ရက်ကနေ ၂၁ ရက်နေ့အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမမှာ ပြုလုပ်နေတာပါ။