Homeမြန်မာသတင်း
ကျမ်းကျိန်လွှာပြင်ဆင်ရေး ကြံ့ခိုင်ရေးနှင့် တပ်မတော်သားအမတ်များ မပါဝင်ဘဲ မဖြစ်နိုင်
ကျမ်းကျိန်လွှာပြင်ဆင်ရေး ကြံ့ခိုင်ရေးနှင့် တပ်မတော်သားအမတ်များ မပါဝင်ဘဲ မဖြစ်နိုင်
နေသွင်
·
April 23, 2012
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်တက်ရောက်ရေးမှာ အဟန့်အတား ဖြစ်နေတဲ့ ကျမ်းကျိန်လွှာ ပြင်ဆင်ရေးကိစ္စဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်အပေါ်မှာပဲ မူတည်တယ်လို့ လွှတ်တော်အမတ် ရှေ့နေ ဦးသိန်းညွန့်က ပြောပါတယ်။
ဒါကြောင့် လွှတ်တော်ထဲမှာ အများစုနေရာယူထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမတ်တွေ၊ တပ်မတော်သား ကိုယ်စားလှယ်တွေ အပေါ်မှာ မူတည်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ နှစ်ပေါင်းများစွာ ဥပဒေအကြံပေးအဖြစ် တာဝန်ယူခဲ့ပြီး အခုလက်ရှိ ဒီမိုကရေစီပါတီသစ်ရဲ့ ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောပါတယ်။
“ကတိသစ္စာကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂၅ ကို ရည်ညွှန်းထားတယ်။ အဲဒီ ရည်ညွှန်းချက်အရ ပုဒ်မ ၁၂၅နဲ့အညီ ဖော်ပြထားတဲ့ ဇယားလေးကို ကျမ်းကျိန်ရမှာဖြစ်တဲ့အတွက် ဒီဇယားကို ပြင်မှသာလျှင် တောင်းဆိုထားတဲ့ လေးစားလိုက်နာပါမည်ဆိုတဲ့ အချက်ကို ဖြစ်မှာပေါ့။ ဇယားကို ပြင်ဆင်ဖို့ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၂၅ကို ပြင်ဆင်ဖို့လိုတယ်။ ၁၂၅ နဲ့ ဆက်နွှယ်ပြီး ကတိသစ္စာပြုချက်တွေကို ပြင်ဆင်ဖို့လိုတယ်။
“အဲ့လို ပြင်ဆင်ဖို့ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ မှာ ဖော်ပြထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုတဲ့ ပြဋ္ဌာန်းချက်အရပဲ ပြင်ဆင်ရမှာ ဖြစ်တယ်။ ပြဋ္ဌာန်းချက်အရ ပြင်ဆင်ဖို့ဆိုရင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းရဲ့ ပြင်ဆင်ချက် ဥပဒေမူကြမ်း တင်သွင်းရမှာဖြစ်တယ်။ ၂၀ ရာခိုင်နှုန်းရဖို့ဆိုရင် အခုအခြေအနေမှာက ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ မပါဝင်ရင် ဘယ်နည်းနဲ့မှ ပြင်ဆင်ချက် တင်သွင်းနိုင်ဖို့ မလွယ်ပါဘူး။ ဒီကိစ္စကို ကိုင်တွယ်တဲ့ နေရာမှာ စ လယ်ဆုံး အခြေခံဥပဒေရော၊ လွှတ်တော်ဥပဒေတွေ၊ နည်းဥပဒေတွေရော နိုင်ငံရေးပါတီ ဥပဒေတွေရောကို တဆက်တည်း ကျွမ်းကျွမ်းကျင်ကျင် လေ့လာထားမယ်ဆိုရင် အခု ရွေးကောက်ပွဲပြီးတဲ့အခါမှာ ပြည်သူလူထုက လွှတ်တော်ထဲ ရောက်ပြီး လွှတ်တော်အခင်းအကျင်းနဲ့ ဆောင်ရွက်စေချင်နေတဲ့ ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်နိုင်မှာပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မိခင်ဥပဒေ (Mother of Law)။ နိုင်ငံရေးပါတီ ဥပဒေဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ လက်အောက်ခံ ဖြစ်တယ်။”
ဖွဲ့စည်းပုံ အခြေခံဥပဒေ နောက်ဆက်တွဲ ဇယား (၄) မှာ ဖော်ပြထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ စကားရပ်အစား လေးစားလိုက်နာပါမယ်လို့ ပြင်ဆင်တာမျိုးကို အန်အယ်လ်ဒီက တောင်းဆိုနေတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ အလားတူ တောင်းဆိုခဲ့တာကို သက်ဆိုင်ရာက ပြင်ဆင်ပေးတဲ့နောက် ရွေးကောက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။
တနင်္လာနေ့ လွှတ်တော်မတက်ရောက်နိုင်တာဟာ သပိတ်မှောက်တာမျိုး မဟုတ်တဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဥပဒေအကြံပေး ရှေ့နေ ဦးဥာဏ်ဝင်းက ရှင်းပြပါတယ်။
“ကျနော်တို့ဟာ ရွေးကောက်ပွဲဝင်တယ်ဆိုတာ လွှတ်တော်တက်ဖို့ဝင်တာ။ အခု မတက်နိုင်သေးတဲ့အခြေအနေဟာ ကျနော်တို့ စိတ်ဆန္ဒမဟုတ်ပါဘူး။ ဒါဟာ ကျနော်တို့ရဲ့ သတ်မှတ်ချက်စည်းကမ်းကို ကျနော်တို့ လိုက်နာနေတာပါ။ တချိန်မှာတော့ ဒါဟာ ပြေလည်သွားမယ့် ကိစ္စလို့ ကျနော်တို့ထင်တယ်။”
အကျပ်အတည်းဖြစ်နေတဲ့ ဇယား (၄) ကျမ်းကျိန်လွှာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ မညီညွတ်ဘူးလို့ ယူဆပါတယ်။
ဥပဒေလုပ်ထုံးလုပ်နည်းအရ ဥပဒေတရပ်မှာ ပြင်ဆင်ထားတဲ့ စကားရပ်တွေဟာ တခြား ဆက်စပ်နေတဲ့ ဥပဒေမှာလည်း ပြင်ဆင်ဖို့ လိုအပ်တဲ့ အကြောင်း ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။
အန်အယ်လ်ဒီရဲ့ ဥပဒေပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက်ကို သမ္မတနဲ့ လွှတ်တော်အကြီးအကဲတွေ၊ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးတို့ကို စနေနေ့မှာပဲ ဖက်စ်နဲ့ အကြောင်းကြားလိုက်ပြီလို့ ဦးဥာဏ်ဝင်းက ဆိုပါတယ်။
သမ္မတနဲ့ လွှတ်တော်အကြီးအကဲတွေဆီကို အန်အယ်လ်ဒီက စာပို့ထားတဲ့အပေါ်မှာ လက်ရှိ လွှတ်တော်တက်နေတဲ့ ဒီမိုကရေစီပါတီသစ်ရဲ့ဥက္ကဋ္ဌ ရှေ့နေ ဦးသိန်းညွန့်က အခုလို သုံးသပ်ပါတယ်။
“သမ္မတက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ဥက္ကဋ္ဌတာဝန် ထမ်းခဲ့တာပဲ။ ဒီကနေ့ ဥက္ကဋ္ဌတာဝန်မယူတော့ပေမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သူ့ရဲ့ မိခင်ပါတီပဲလေ။ လွှတ်တော်ဥက္ကဋ္ဌများကလည်း အဲ့ဒီ ပါတီရဲ့ ခေါင်းဆောင်တွေပဲလေ။ သူတို့ပါတီကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ လိုတယ်လို့ တင်ပြလာရင်တော့ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးပြီးတော့ ၇၅ ရာခိုင်နှုန်းက သဘောတူရင်တော့ ပြင်ဆင်ချက် အတည်ဖြစ်ပြီပေါ့။ ဒါက အခန်း ၁၂ မှာ ဖော်ပြထားတာပဲ။”
လွှတ်တော်မှာ အများစုနေရာယူထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အမတ်တဦးဖြစ်တဲ့ ဦးခင်ရွှေကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သူ့အမြင်ကို ပြောပြပါတယ်။
“အခု အန်အယ်လ်ဒီပါတီအနေနဲ့ တက်ရောက်မှာက ၄၃ ဦးပေါ့။ လက်ရှိ ဟိုမှာရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ် ၈၀၀ ကျော်နဲ့ နှိုင်းဆမယ်ဆိုရင် ၅ ရာခိုင်းနှုန်းပဲ ရှိပါတယ်။ အဲတော့ ဟိုမှာရှိနေတဲ့ အဖွဲ့တွေအကုန်လုံးက ဖွဲ့စည်းပုံအခြေခံဥဒေနဲ့ပတ်သက်ရင် စောင့်ရှောက်ကာကွယ်မယ်ဆိုပြီးတော့ ကတိခံပြီးသားဖြစ်တယ်။ ဒါပေမယ့် တချို့တလေတွေက လိုအပ်ချက်တွေကို ပြင်လို့လည်း အန်အယ်လ်ဒီပါတီက ဝင်ရောက်နိုင်ခဲ့ပြီးဖြစ်တယ်။ ဒါကြောင့် အန်အယ်လ်ဒီအနေနဲ့ ပြောရရင် သိပ်တော့မထူးပါဘူး။ နောက်တခုက တဦးတယောက်တည်းကလည်း ဒီကိစ္စကို ဆုံးဖြတ်လို့မရဘူး။ လွှတ်တော်တင်ရမယ်၊ လွှတ်တော်ကနေပြီးတော့ ၇၅ ရာခိုင်နှုန်း သဘောတူမယ်ဆိုရင်တော့ အကုန်လုံး ပြောင်းလဲလို့ ရပါတယ်။ ဒါကိုတော့ လွှတ်တော်ကိုယ်စားလှယ်များ ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်။”
ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ် ၄၀ ကျော် ဒီနေ့ကျင်းပတဲ့ နေပြည်တော်က လွှတ်တော်အစည်းအဝေး မတက်ရောက်နိုင်ဘူးလို့ သိရပါတယ်။