အရက်မူးနေသူများ ရထားသံလမ်းပေါ် ထိုးကျနေပုံကို ရိုက်ကူးထားသည့် ရုပ်သံထွက်ပေါ်

အရက်မူးနေတဲ့ လူတွေ ဘူတာရုံ လူသွားစင်္ကြန်ပေါ်ကနေ ရထားသံလမ်းပေါ် ထိုးကျပုံတွေကို လုံခြုံရေး ကင်မရာကနေ ရုပ်သံရိုက်ကူးပြီး ဗြိတိန် ရထားလုပ်ငန်း Network Rail က ဖြန့်ချိလိုက်ပါတယ်။
ခရစ်စမတ်ရာသီမှာ သတိပေးချက်အနေနဲ့ရော မူးယစ်သောက်စားမှု ဆန့်ကျင်ရေး လှုပ်ရှားမှု အတွက်ပါ ခုလို ဖြန့်ချိ တာလို့ ဆိုပါတယ်။
ရထားကဘူတာထဲ ဝင်လာချိန် သီသီလေးကပ်ပြီး ကယ်လိုက်နိုင်တဲ့ ဖြစ်ရပ်တွေကို လုံခြုံရေး ကင်မရာက ရိုက်ကူးနိုင်ခဲ့တာပါ။
ရထားလမ်းတွေ အနားဝန်းကျင်မှာ ခေါင်းရှင်းရှင်းထားရေး လှုပ်ရှားမှုကို ဖွဲ့စည်းဖို့ Network Rail ရထားလုပ်ငန်းနဲ့ ဗြိတိန် သယ်ယူပို့ဆောင်ရေး ရဲတွေ ပူးပေါင်းခဲ့ ပါတယ်။
“ရထားနဲ့ သွားတာ ဘေးအကင်းဆုံး နည်းလမ်း ဖြစ်ပေမယ့် ရထားလမ်းအနားမှာ နေတဲ့လူတွေအတွက်ကတော့ ရထားလမ်းတွေဟာ အန္တရာယ်ရှိတဲ့ နေရာဆိုတာ အမြဲ သတိရသင့်တယ်။ ဒါကြောင့် ပွဲတော်ရာသီမှာ ပျော်နေချိန်မှာလည်း ဒီအန္တရာယ်တွေကို သတိဆက်ထားဖို့ ပြည်သူတွေကို သတိပေးနေတယ်” လို့ Network Rail ရဲ့ ခရီးသည် ဘေးကင်းရေးဌာန အကြီးအကဲ အလန်စပန့်စ်က ပြောခဲ့ပါတယ်။
ဗြိတိန်နိုင်ငံမှာ ၂၀၁၆/၂၀၁၇ ဘဏ္ဍာရေး နှစ်အတွင်း အရက်နဲ့ ပတ်သက်တဲ့ ဒဏ်ရာရမှု စုစုပေါင်း ၇၄၁၉ မှုကို မှတ်တမ်းတင်ထား ပါတယ်။ အဲဒီထဲက ၁၆ ရာခိုင်နှုန်းကတော့ ပွဲတော်ကာလမှာ ဖြစ်ခဲ့တာပါ။