အီဘိုလာရောဂါသည်နှစ်ဦးက ဆီရာလီယွန်အစိုးရကို တရားစွဲ

ဆီရာလီယွန်နိုင်ငံမှာ အီဘိုလာကပ်ရောဂါဖြစ်ပွားစဉ်တုန်းက နိုင်ငံတကာကပေးတဲ့ အကူအညီတွေကို အစိုးရက တလွဲအသုံးပြုခဲ့တယ်ဆိုပြီး ရောဂါဖြစ်ပွားပြီး အသက်မသေဘဲ ကျန်ရစ်သူ နှစ်ဦးက တရားစွဲဆိုလိုက်ပါတယ်။ ဆီရာလီယွန်နိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး အသက်မသေဘဲ ကျန်ရစ်ခဲ့သူ နှစ်ဦးဟာ ကျန်းမာရေးဝန်ထမ်းတွေဖြစ်ကြပြီး ဒီဇင်ဘာလ ၁၅ ရက်က ဒေသဆိုင်ရာ တရားရုံးမှာ တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ထိဖြစ်ပွားခဲ့တဲ့ အီဘိုလာကပ်ရောဂါကြောင့် ဂိနီ၊ လိုက်ဘေးရီးယားနဲ့ ဆီရာလီယွန်နိုင်ငံတွေမှာ သေဆုံးသူ ၁ သောင်း ၁ ထောက်ကျော်ရှိခဲ့ပါတယ်။ ဆီရာလီယွန်တစ်နိုင်ငံတည်းမှာ လူ ၃ ထောက်ကျော် သေဆုံးခဲ့ပြီး၊  အဲဒီသေဆုံးသူတွေထဲမှာ ကျန်းမာရေးဝန်ထမ်း ၂၅၀ ကျော်ရှိပါတယ်။ “ကျနော်တို့ အဓိက ဆန့်ကျင်ခဲ့ရတဲ့ ကိစ္စက အစိုးရနဲ့ အလှူရှင်နိုင်ငံတွေကြားမှာဖြစ်နေတဲ့ နိုင်ငံရေးပါ။ ဒီကိစ္စက ကျနော်တို့အတွက် ပြဿနာအများကြီးဖြစ်စေခဲ့ပါတယ်။ ယူနီဆက်ဖ်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနအကြား ဖြစ်တဲ့ပြဿနာကြောင့် ပြဿနာအများကြီး ဖြစ်ခဲ့ပါတယ်။ ယူနီဆက်ဖ်မှာက အီဘိုလာကပ်ဘေးမှာ အသက်ရှင်ကျန်ရစ်သူတွေရဲ့ နေထိုင်စားသောက်ဖို့အတွက် ထောက်ပံ့ပေးတဲ့ အရင်းအမြစ်တွေ အများကြီးရှိခဲ့တာပါ။ ဒါပေမယ့် အစိုးရက အဲဒီအထောက်အပံ့တွေကို အသက်ရှင်ကျန်ရစ်သူတွေကို မပေးခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရ လူမှုဖူလုံရေးဝန်ကြီးဌာနနဲ့  ယူနီဆက်ဖ်ကြား နို်င်ငံရေး ကိစ္စကြောင့်ပါ။ ဒီပြဿနာကြောင့် ကျနော်တို့အတွက် ပြဿနာအကြီးကြီး ဖြစ်စေခဲ့ပါတယ်။ ဒီကိစ္စကြောင့် ကျနော်တို့ အခုထိ ဒုက္ခတွေခံစားနေရတယ်၊ လူတွေဟာ ဒီအကြပ်အတည်းကလွတ်ဖို့ သူတို့နည်းသူတို့ဟန်နဲ့ ကြိးစားတိုက်ဖျက်နေရပါတယ်” လို့ ဆီရာလီယွန်နိုင်ငံ အီဘိုလာကနေ အသက်ရှင်ကျန်ရစ်သူများအဖွဲ့ ဥက္ကဋ္ဌ ယူဆက်ကာဘတ် က ပြောကြားသွားခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up