မဲခေါင်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တရုတ်နိုင်ငံယူနန်ပြည်နယ်တွင် ကျင်းပ

လန်ကန်း- မဲခေါင် မြစ်တလျှောက် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို သောကြာနေ့က တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ယူနန်ပြည်နယ် တာ့လီမြို့မှာကျင်းပပါတယ်။
တတိယအကြိမ်မြောက် လန်ကန်း မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးအဆင့် အစည်းအဝေးကို တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့အတူ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ မြန်မာနဲ့ ဗီယက်နမ် နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေလည်း တက်ရောက်ပါတယ်။
အနာဂတ်ကိုမျှဝေထားတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်ရေးနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နက်နက်ရှိုင်းရှိုင်း ဆွေးနွေးဖို့ တွေ့ဆုံတာပါ။
ဒီအစည်းအဝေးဟာ လာမယ့်နှစ်မှာ ကျင်းပမယ့် လန်ကန်း မဲခေါင် ခေါင်းဆောင်များ အစည်းအဝေးအတွက် ကြိုတင် ပြင်ဆင်ဖို့ နိုင်ငံခြားရေး ဝန်ကြီးအဆင့် အစည်းအဝေးလည်း ဖြစ်ပါတယ်။
လန်ကန်းမဲခေါင် စီးပွားရေးတိုးတက်မှု ခါးပတ်လမ်းကို ခိုင်မာအောင် ကြိုးပမ်းဖို့ LMC ပူးပေါင်းဆောင်ရွက်ရေး အခြေခံပေါ်မှာ သဘာဝ အားသာချက်ကိုသုံးပြီး ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလားအလာတွေကိုဖော်ဆောင်မယ့် ဒေသတွင်း နိုင်ငံတွေကြား လူမှုတိုးတက်ရေးနဲ့ စီးပွားရေး မြှင့်တင်ဖို့ မဲခေါင်မြစ်တလျှောက် နိုင်ငံတွေကြား အနာဂတ်ကို မျှဝေတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောပါတယ်။
“ကျနော်တို့ဟာ ရှုပ်ထွေးပြီး မခန့်မှန်းနိုင်တဲ့ ကမ္ဘာမှာ နေကြတယ်။ တကယ်လို့ ကမ္ဘာပေါ်က လူတွေဟာ ဟန်ချက်ညီညီ ငြိမ်းငြိမ်းချမ်းချမ်း အတူ နေကြရင် ဒါဟာ လူတိုင်းရဲ့ အဆုံးစွန်သော အိပ်မက် ရည်မှန်းချက် ဖြစ်မယ်ထင်တယ်” လို့ လာအိုနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
မဲခေါင်မြစ်ကမ်းပေါ်က နိုင်ငံခြောက်နိုင်ငံဟာ ၂၀၁၅ ခုနှစ်ကစပြီး LMC လုပ်ငန်းစဉ်ကို စတင်မိတ်ဆက် ခဲ့တာပါ။ ၂၀၁၆ မတ်လမှာ ပထမဆုံးအကြိမ် ခေါင်းဆောင်များအစည်းအဝေးကို ကျင်းပခဲ့ ပါတယ်။