Home
မြန်မာသတင်း
သံတောင်ကြီးဒေသတွင် ဓာတုလွတ်ကော်ဖီဇုန် ဧက ၅၀၀၀ ထူထောင်မည်
DVB
·
December 16, 2017
  ကရင်ပြည်နယ် သံတောင်ကြီးဒေသမှာ ဓာတုလွတ် ကော်ဖီဇုန် ဧက ၅၀၀၀ ကိုလာမယ့် ၂၀၁၈ ခုနှစ် စိုက်ပျိုးရာသီအမီ ထူထောင်သွားဖို့ ပြင်ဆင်နေပါတယ်။ ကော်ဖီဇုန်တည်ထောင်သွားမယ့် လိပ်သိုနဲ့ သံတောင်လေး ဒေသတွေမှာ ဒေသမြေပြင် အနေအထားအရပေ ၂၅၀၀ အထက်နဲ့ ၂၅၀၀ အောက်ဒေသတွေလည်းပါဝင်တဲ့အတွက် မြေနိမ့်ကော်ဖီအပြင် ကုန်းမြင့် ကော်ဖီကိုပါ ထည့်သွင်းစိုက်ပျိုးသွားမှာဖြစ်ပြီး အထွက်နှုန်း ကောင်းတဲ့ မြေနိမ့်ကော်ဖီကို အများဆုံးထည့်သွင်း စိုက်ပျိုးသွားမှာပါ။ ဓာတုလွတ်ကော်ဖီဇုန်ကို ဒေသခံ ကော်ဖီစိုက်ခင်းတွေနဲ့ ပူးပေါင်း တည်ထောင်သွားမှာဖြစ်ပြီး  အစိုးရက ပျိုးပင်နဲ့ နည်းပညာကို အခမဲ့ထောက်ပံ့ ပေးမယ်၊ ကော်ဖီဇုန်တည်ထောင်ရာမှာ သဘာဝတောတွေကိုမပျက်စီးစေပဲ အောက်ခြေကို ရှင်းလင်းကာ ကော်ဖီပင်တွေကိုစိုက်ပျိုးသွားမှာဖြစ်တယ်လို့ ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဋ္ဌာနက သိရပါတယ်။ ကရင်ပြည်နယ်မှာ အာရေးဗီးကားနဲ့ ရိုဘတ်စတာကော်ဖီ ၂ မျိုးလုံးကို စိုက်ပျိုးထုတ်လုပ်နိုင်ပေမယ့် စိုက်ပျိုးနည်းပညာအပြင် ရိတ်သိမ်းချိန်လွန် နည်းပညာ တွေ မရခဲ့တဲ့အတွက် ဒေသတွင်းရှိ ကော်ဖီလုပ်ငန်းတွေ နောက်ကျကျန်ခဲ့ရပါတယ်။ အရင်က တိုက်ပွဲတွေဖြစ်ပွားပြီး မငြိမ်းချမ်းခဲ့တဲ့ ကရင်ဒေသအခြေအနေဟာ  တည်ငြိမ်လာပြီး ကော်ဖီဈေးထက်ဝက် တက်လာချိန်မှာ ရာသီအလိုက်ပုံမှန်ဝင်ငွေရကာ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လာနိုင်တဲ့ ကော်ဖီကို စိုက်ဧက တွေ တိုးလာဖို့ အစိုးရက ပြင်ဆင်လာ တာပဲဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ ကော်ဖီစိုက်ဧက တစ်သောင်းလောက်ရှိပြီး ဧကနှစ်သောင်းအထိ တိုးချဲ့ဖို့ ရည်ရွယ်ထားပါတယ်။  ကရင်ပြည်နယ်မှာ ဒူးရင်း၊ မင်းဂွတ်၊ ဒညင်းစတဲ့ နှစ်ရှည်သစ်သီးဝလံတွေကို အများဆုံးစိုက် ပျိုးတဲ့အပြင် နှစ် ၂၀ လောက်အထိ ခူးဆွတ်နိုင်တဲ့ ဖာလာက အဓိကဝင်ငွေရတဲ့ သီးနှံဖြစ်နေပါတယ်။ နိုင်ငံခြားကို အသင့်တင်ပို့နိုင်တဲ့ အရည်သွေးမြင့် ကော်ဖီတွေရလာဖို့ ကုန်ချော ထုတ်လုပ်နိုင်တဲ့ စက်ဝယ်ယူရေးအတွက်ချေးငွေရရှိဖို့ကိုလည်း စိုက်ပျိုးရေးဦးစီးဋ္ဌာနနဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ကော်ဖီနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းလိုပါက ဦးမြင့်ဆွေ၊ ညွှန်ကြားရေးမှူး၊ ကော်ဖီနဲ့ရာသီသီးနှံဋ္ဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဋ္ဌာန၊ ရုံးအမှတ်-50 နေပြည်တော်၊ ဖုန်းနံပါတ် 095008242 မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024