A d v e r t i s e m e n t With Us

မျိုးသုဉ်းပျောက်ကွယ်တော့မည့် ဒီလုံးငှက် ၃၀၀ နီးပါး မြန်မာပြည်တွင်တွေ့ရှိထား

  ကမ္ဘာပေါ်မှာ မျိုးသုဉ်းပျောက်ကွယ်ဖို့ရှိတဲ့ ငှက်မျိုးစိတ်တွေအနက် Spoon- billed sandpiper မြန်မာအခေါ် ရေညှောင့်နှုတ်ဝိုင်း ဒီလုံးငှက်ဟာမြန်မာနိုင်ငံ ကမ်းရိုးတန်းမှာ အကောင်ရေ ၃၀၀ နီးပါးတွေ့ရှိထားကြောင်း ငှက်မျိုးစိတ်တွေ လေ့လာနေသူ ပညာရှင်တွေကပြောပါတယ်။ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးရှိနေတဲ့ ရေညှောင့်နှုတ်ဝိုင်း ဒီလုံးငှက်ဟာ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာပေါ်မှာ စုစုပေါင်း အကောင်ရေ (၅၀၀)လောက်သာ ကျန်ရှိတော့ပြီး ပြည်ပနိုင်ငံတချို့မှာ အကောင် (၂၀၀)လောက်နဲ့  အရေအတွက်အများဆုံးကတော့ မြန်မာနိုင်ငံမှာ ရှိတယ်လို့ သိရပါတယ်။ တနင်္သာရီတိုင်း ကျွန်းစု၊ ဘုတ်ပြင်းနဲ့ ကမ်းရိုးတန်း တလျှောက်မှာ စိတ်ဝင်စားစရာ ကောင်းတဲ့ ရေနေသတ္တ၀ါတွေ ငှက်မျိုးစိတ်တွေအများကြီးရှိပါတယ်လို့လည်း မြိတ်တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဦးစိုးနိုင်ကပြောပါတယ်။ ကမ္ဘာပေါ်မှာ မျိုးသုဉ်းဖို့ အင်မတန် နီးကပ်နေပြီ ဖြစ်တဲ့ ရေညှောင့်နှုတ်ဝိုင်း ဒီလုံးငှက်ကို အရေးတကြီး ထိမ်းသိမ်းစောင့်လျှောက်ဖို့ လိုအပ်နေပြီလို့ ငှက်ပညာရှင်တွေက ပြောပါတယ်။ ရေညှောင့်နှုတ်ဝိုင်း ဒီလုံးငှက် Spoon-billed Sandpiperရဲ့ သိပ္ပံနာမည်ကို Calidris pygmaea လို့ ခေါ်ပြီး ဆောင်းခိုငှက်တစ်မျိုးဖြစ်ပါတယ်။ ဇာတိမြေဟာ ရုရှားနိုင်ငံ ချူကိုတာဒေသရှိ ဆိုက်ဘေးရီးယား လွင်ပြင်ဒေသဖြစ်ပြီး  နှစ်စဉ် ဇွန်၊ ဇူလိုင်လတွေမှာ သားပေါက်ဖွားကာ တစ်ကြိမ်ကို ၄ လုံး အထိသာ ဥကာ ၂ ကောင် ၃ ကောင်သာ ပေါက်တတ်ပါတယ်။ နှစ်စဉ် စက်တင်ဘာလ နှောင်းပိုင်းလောက်မှာ  ရုရှားနိုင်ငံမှ  ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတွေကို  မိုင်ပေါင်း ၅၀၀၀ ကျော် လောက် ဖြတ်ကျော်ပျံသန်းပြီး မြန်မာမှာ စက်တင်ဘာလ နှောင်းပိုင်းမှ ဧပြီလကုန်အထိ လာရောက်ဆောင်းခို နေထိုင်လေ့ရှိပါတယ်။ ရေညှောင့်နှုတ်ဝိုင်း ဒီလုံးငှက်တွေကို မြန်မာနိုင်ငံရှိ မွန်ပြည်နယ်  မုတ္တမပင်လယ်ကွေ့၊ ရခိုင်ပြည်နယ် နံ့သာကျွန်း၊ မိန်းမလှကျွန်း (ဧရာဝတီတိုင်း)နဲ့ တနသာင်္ရီတိုင်း မြိတ်ကျွန်းစု အနီးမှာ အများဆုံး လာရောက် ဆောင်းခိုကျက်စားတယ်လို့ သိရပါတယ်။ ငှက်ပညာရှင်တွေရဲ့ လေ့လာချက်အရ ၁၉၇၀ ဝန်းကျင်က အကောင်ရေ ၅၀၀၀ ကျော်ခန့်ရှိခဲ့ရာကနေ တဖြည်းဖြည်း အကောင်ရေ နည်းပါးလာခဲ့ရာ ၂၀၁၁ ခုနှစ်မှာ ကောင်ရေ ၅၀၀ အောက်သာ ကျန်ရှိတော့လို့ မျိုးသုဉ်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့မျိုးစိတ် အဆင့်သတ်မှတ်ကာ ထိန်းသိမ်းနေရပါတယ်။ ရေညှောင့်နှုတ်ဝိုင်းငှက်နဲ့ အခြားရေပျော်ငှက်တွေကို ဖမ်းဆီး ရောင်းဝယ်သတ်ဖြတ်ပါက ထောင်ဒဏ် ၇ နှစ်နဲ့ ဒဏ်ငွေ ၅ သောင်းကျပ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ သတင်း-ဓာတ်ပုံ ဇော်ဇော် (မြိတ်)

A d v e r t i s e m e n t With Us

More News
Up