အင်ဒိုနီးရှား ဂျာဗားကျွန်းတွင် ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ ပြင်းအား ရစ်ခ်ျတာ စကေး ၆ ဒသမ ၅ ရှိတဲ့ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူမိစစ်တမ်းဌာနUSGS က သောကြာနေ့မှာထုတ်ပြန်ပါတယ်။
ငလျင်ကြောင့် လူအနည်းဆုံး တယောက် သေဆုံးပြီး အဆောက်အဦတွေ ပျက်စီးတယ်၊ ဆေးရုံတရုံက လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ ကပ်ဘေး သက်သာရေးဌာန ပြောခွင့်ရ ဆူတိုပိုပါဝိုနုဂရိုဟိုကပြောပါတယ်။
မြေအောက် အနက် ၅၇ မိုင်ကို ဗဟိုပြုပြီး ငလျင်လှုပ်ခဲ့တာကြောင့် ဂျာဗားကျွန်းတောင်ပိုင်းမှာ ကနဦး ဆူနာမီအချက်ထုတ်ပြန်ခဲ့ရတယ်လို့ အင်ဒိုနီးရှား အမျိုးသားကပ်ဘေး စီမံရေးဌာနက ပြောပါတယ်။
ငလျင်အပြီး မြေပြင်တုန်ခါမှုတွေကို အလယ်နဲ့အနောက် ဂျာဗား ဒေသတွေမှာ ခံစားမိခဲ့ပြီး တချို့ အဆောက်အဦတွေ အသေးစား ပျက်စီးခဲ့ပါတယ်။
ဒီငလျင်ကြောင့် မြို့တော်ဂျကာတာမှာပါ အဆောက်အဦတချို့ စက္ကန့်အတော်ကြာ လှုပ်ခါခဲ့ပါတယ်။
ဂျာဗားကျွန်းဟာ အင်ဒိုနီးရှားမှာလူ အသိပ်သည်းဆုံး ကျွန်းဖြစ်ပြီး တိုင်းပြည်လူဦးရေ သန်း ၂၅၀ ရဲ့ တဝက်ကျော်ဟာ ဂျာဗားကျွန်းမှာ နေထိုင်ပါတယ်။