မြိတ်တွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၊ ၁ ဦးသေ
DVB
·
December 16, 2017
မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေပေးကျေးရွာ၊ မြိတ်-ကျွဲကူးလမ်းမှာ ဒီဇင်ဘာ ၁၅ ရက်နေ့ ညပိုင်းက ခရီးသည်တင်ကားနဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိလို့ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ မြိတ်ကနေ စန္ဒဝတ်ရွာဘက်ကို ယာဉ်မောင်း ခင်အောင်ကြည် မောင်းနှင်လာတဲ့ ခရီးသည်တင် ၆ ဘီးယာဉ်နဲ့ စန္ဒဝတ်ဘက်ကနေ ယာဉ်မောင်း သန်းဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်တို့ မိုင်တိုင်အမှတ် (၄/၄) အနီးမှာ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
“ရွှေမြိတ်အောင် ခရီးသည်တင်ကားက သူ့ယာဉ်ကြော အတိုင်းမောင်းလာတယ်။ ဆိုင်ကယ်က သူ့ရှေ့က ဘေးတွဲဆိုင်ကယ်ကို ကျော်အတက်မှာ အရှိမထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောထဲဝင်သွားပြီး ခရီးသည်တင်ကားကို ဝင်တိုက်တယ်။ ဆိုင်ကယ်မောင်းသူ သန်းဦးမှာ မျက်နှာကွဲ၊ သွားကျိုး၊ ခြေကျိုး၊ ပါးစပ်သွေးထွက်ဒဏ်ရာနဲ့ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားတယ်” လို့ ကျွဲကူးနယ်မြေရဲကင်းစခန်းမှူး ရဲအုပ်တင်ထွဋ် က ပြောပါတယ်။
မြိတ်မြို့မရဲစခန်းက မိမိအသက်သေဆုံးသည်အထိ ယာဉ်မဆင်မခြင်မောင်းနှင်သူ သန်းဦးကို ရာဇသတ်ကြီးပုဒ်မ-၃၀၄(က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
မြတ်ထွဋ် ( မြိတ် )