A d v e r t i s e m e n t With Us

အမေရိကန်တွင် ဗင်နီဇွဲလားသမ္မတကတော်၏ တူတော်သူ ၂ ဦးကို ထောင်ဒဏ်ချမှတ်

ဓာတ်ပုံ - ရိုက်တာ
အမေရိကန် တရားသူကြီးက ဗင်နီဇွဲလား သမ္မတကတော်ရဲ့ တူတော်စပ်သူ ၂ ဦးကို ဒီဇင်ဘာ ၁၄ ရက်နေ့က ထောင်ဒဏ် ၁၈ နှစ် ပြစ်ဒဏ်စီရင်လိုက်ပါတယ်။ အမေရိကန်နိုင်ငံအတွင်း မူးယစ်ကုန်ကူးမှု စွဲချက်နဲ့ ပြစ်မှုထင်ရှားကြောင်း နယူးယောက် တရားရုံးမှာ စစ်ဆေးတွေ့ရှိခဲ့လို့ အခုလို စီရင်ခဲ့တာပါ။ မန်ဟတ်တန်ရပ်ကွက်က ပြည်ထောင်စုတရားရုံးမှာ ကြားနာပွဲအတွင်း အသက် ၃၂ နှစ်နဲ့ ၃၁ နှစ် အသီးသီးရှိတဲ့ ကမ်ပို ဖလောရက်စ်နဲ့ ဖလောရက်စ်ဒေ ဖရေတပ်စ်တို့ ၂ ဦးကို အမေရိကန် ခရိုင်တရားသူကြီး ပေါလ်ခရော့တီက ပြစ်ဒဏ်စီရင်ခဲ့ပါတယ်။ သူတို့ ၂ ဦးလုံးဟာ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုရဲ့ ဇနီးသည် စီလီယာ ဖလောရက်စ်ရဲ့ တူတော်စပ်တဲ့ ညီအစ်ကိုဝမ်းကွဲတွေ ဖြစ်ပါတယ်။ သူတို့ကို ထောင်ဒဏ် နှစ် ၃၀ ချမှတ်ဖို့ အစိုးရရှေ့နေတွေက တောင်းဆိုခဲ့တာပါ။ သူတို့ ၂ ဦးလုံးရဲ့ ရှေ့နေတွေကတော့ ထောင်ဒဏ် ၁၀ နှစ်စီပဲ ပြစ်ဒဏ်ချဖို့ တောင်းဆိုခဲ့တာပါ။ တရားသူကြီး ခရော့တီကတော့ သူတို့ ၂ ဦးမှာ ရာဇဝတ်မှု ကျူးလွန်ဖူးတဲ့မှတ်တမ်း မရှိတာကြောင့် နှစ် ၃၀ ပြစ်ဒဏ်က များလွန်းတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ တရားစီရင်အပြီး ပြစ်ဒဏ်နဲ့ပတ်သက်လို့ သူတို့ ၂ ဦးရဲ့ ရှေ့နေတွေက ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။ သူတို့ကို အမေရိကန် မူးယစ်ဥပဒေ အာဏာတည်ရေးအဖွဲ့ စစ်ဆင်ရေးအတွင်း ၂၀၁၅ နိုဝင်ဘာမှာ ဟေတီနိုင်ငံအတွင်း ဖမ်းမိခဲ့တာပါ။ မူးယစ်ကုန်ကူးရာက ရတဲ့ငွေ ဒေါ်လာသန်း ၂၀ ကို သူတို့မိသားစု အာဏာတည်မြဲရေး ကူညီဖို့ ကြိုးစားထားတယ်လို့ အစိုးရရှေ့နေတွေက တရားရုံး အမှုတွဲထဲမှာ ပြောထားပါတယ်။ သူတို့ဟာ အမေရိကန်နိုင်ငံထဲကို ကိုကင်းတွေသွင်းဖို့ လျှို့ဝှက်ပူးပေါင်းကြံစည်ခဲ့တယ်လို့ ၂၀၁၆ နိုဝင်ဘာမှာ တရားသူကြီးအဖွဲ့က ဆုံးဖြတ် စီရင်ချက်ချခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up