A d v e r t i s e m e n t With Us

ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီမှုမရဘဲ ပြီးဆုံး

ဓာတ်ပုံ - ရိုက်တာ
ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ပေးတဲ့ ၈ ကြိမ်မြောက် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ သဘောတူညီမှု တစုံတရာမရဘဲ ပြီးဆုံးသွားပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ နိုဝင်ဘာ ၂၈ ရက်နေ့က စတင်ခဲ့ပြီး ၂ ပတ်ကြာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ တစုံတရာ တိုးတက်မှုလည်းမရှိဘဲ ဒီဇင်ဘာ ၁၄ ရက်မှာ  ပြီးဆုံးသွားခဲ့တာပါ။ အခုကျင်းပတဲ့ ဂျီနီဗာဆွေးနွေးပွဲမှာ အဓိကကျသူတွေဖြစ်တဲ့ ဆီးရီးယား အစိုးရကိုယ်စားလှယ်တွေနဲ့ ဆီးရီးယား အတိုက်အခံ ကိုယ်စားလှယ်တွေဟာ မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ ဆီးရီးယားအရေးနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂကိုယ်စားလှယ် စတက်ဖန်ဒါ မစ်တူရာဟာ  ဆီးရီးယားအစိုးရ ကိုယ်စားလှယ်နဲ့ ၇ ကြိမ်၊ အတိုက်အခံနဲ့ ၁၁ ကြိမ် ဆွေးနွေးခဲ့ပေမယ့် သူတို့အချင်းချင်းကြား မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်ခဲ့ခြင်း မရှိပါဘူး။ “ကျနော်တို့ ဆွေးနွေးပွဲ မအောင်မြင်ပါဘူး။ တကယ်တမ်းပြောရရင် အမှန်တကယ် ဆွေးနွေးညှိနှိုင်းမှုကို မလုပ်နိုင်ခဲ့တာပါ။ ဆီးရီးယားအစိုးရက အတိုက်အခံတွေနဲ့ မတွေ့ချင်ဘူးလို့ ပြောတယ်။ နောက်ပြီး ကျနော်တို့ကနေတဆင့် ဆွေးနွေးဖို့တောင် မလိုလားဘူးလို့ ပြောပါတယ်။ အတိုက်အခံတွေကတော့ ဆီးရီးယားအစိုးရဟာ ကြိုတင်သတ်မှတ်ချက်တွေ ချမှတ်တာလို့ ပြောပါတယ်” လို့ ကုလအထူးကိုယ်စားလှယ် စတက်ဖန်ဒါ မစ်တူရာက ပြောကြားသွားတာပါ။ ၆ နှစ်ကြာဖြစ်ပွားနေတဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူ ၃ သိန်းကျေ် သေဆုံးခဲ့ပြီး နိုင်ငံလူဦးရေရဲ့ ထက်ဝက်ခန့်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ လူ ၁၃ ဒသမ ၅ သန်းဟာလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ဆီးရီးယားနိုင်ငံ ပြန်လည်တည်ထောင်ရေးအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ဘီလီယံ ၂၅၀ ထိ လိုအပ်မယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up