ကယ်လီဖိုးနီးယားတောမီး ငြှိမ်းသတ်ရင်း မီးသတ်သမားတဦး သေဆုံး
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ အကြီးအကျယ် လောင်ကျွမ်းနေတဲ့ တောမီးကို ငြှိမ်းသတ်နေရင်း မီးသတ်သမားတဦး သေဆုံးတယ်လို့ မီးသတ်အရာရှိတွေက ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ပြောပါတယ်။
သေဆုံးသူဟာ ဗန်တူရာနဲ့ စန်တာဘာဘရာ ဒေသတွေမှာ လောင်နေတဲ့မီးကို ငြှိမ်းသတ်ဖို့ တာဝန်ချခံရတဲ့ စန်တီယေဂိုမြို့သားပါ။
သူဟာ ကယ်လီဖိုးနီးယားပြည်နယ် သစ်တောနဲ့ မီးဘေးကာကွယ်ရေးဌာနက မီးသတ်အင်ဂျင်နီယာဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၄ ရက်နေ့က စတင်လောင်ကျွမ်းနေတဲ့ တောမီးကြောင့် ဧက ၂ သိန်းခွဲလောက် မီးသွေးအတိ ဖြစ်ခဲ့တာပါ။
ကယ်လီဖိုးနီးယားပြည်နယ်မှာ ၁၉၃၂ ခုနှစ်နောက်ပိုင်း စတုတ္ထအကြီးဆုံး တောမီးဖြစ်လာပါတယ်။
အခုလောင်ကျွမ်းတဲ့မီးကြောင့် အိမ်ခြေ ၇၂၉ လုံး ပြာကျခဲ့ပြီး တခြား အိမ် ၁၇၅ လုံး ပျက်စီးခဲ့သလို လူ ၉ သောင်း ၄ ထောင်ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။