ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ကို ပြည်တွင်း ပြည်ပ ပညာရှင် ၁၀ ဦးဖြင့် ဖွဲ့စည်း

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ကို ထိုင်း ဒုဝန်ကြီးချုပ်ဟောင်း ဆူရာကီရတ်ဆာသီရာထိုင်း အပါအဝင် ပြည်တွင်း ပြည်ပက ပညာရှင် ၁၀ ဦးနဲ့ ဖွဲ့စည်းကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက်က ကြေညာပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာကော်မရှင်တွေရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရာမှာ မြေပြင်အခြေအနေအပေါ် မူတည်ပြီး အကျိုးရှိစွာ ထိထိရောက်ရောက် ဖော်ဆောင်နိုင်ရေး လိုအပ်တဲ့ အကြံဉာဏ်တွေကို ရယူနိုင်ဖို့ ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
အကြံပေးအဖွဲ့မှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် အစိုးရလက်ထက်တုန်းက ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့ဖူးတဲ့ ဒေါက်တာဆူရာကီရတ် ဆာသီရာထိုင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး အဖွဲ့တွေအဖြစ် ဆွီဒင်ပါလီမန်အမတ် အာဘန်အာလင်း၊ အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်ဟောင်းနဲ့ နယူးမက္ကစီကို အုပ်ချုပ်ရေးမှူးဟောင်း ဘေးလ်ရစ်ချတ်ဆန်၊ ပါမောက္ခ လော့ဒ်ဒါဇီအော့ဖ်ဒန်ဟမ်၊ တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း ရိုးလ်အော့ပတ်ထရပ်စ်မေယာတို့ ပါဝင်ပါတယ်။
ပြည်တွင်းပညာရှင်တွေအဖြစ်တော့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ အငြိမ်းစား ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် ဦးထွန်းမြတ်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး၊ အာဆီယံ အစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် အငြိမ်းစားသံအမတ်ကြီး ဦးလှမြင့်နဲ့ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒေါက်တာဒေါ်ခင်ညိုတို့ ပါဝင်ပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီကို စက်တင်ဘာ ၁၂ရက်ကတည်းက ဖွဲ့စည်းထားတာဖြစ်ပြီး ခုအသစ်ဖွဲ့စည်းလိုက်တဲ့ အကြံပေးအဖွဲ့ကတော့ သတ်မှတ်ထားတဲ့ လုပ်ငန်းတာဝန်တွေနဲ့အညီ အကြံဉာဏ်တွေ ပေးနိုင်ရေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။