ပြင်သစ်တွင် ရထားနှင့် ကျောင်းကားတိုက်မိ၊ ကျောင်းသားကလေးငယ် ၄ ဦး သေဆုံး

ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ ပယ်ပီညွန်မြို့ အပြင်ဘက်မှာ ဒီဇင်ဘာ ၁၄ ရက်နေ့က ရထားနဲ့ ကျောင်းကား တိုက်မိတဲ့အတွက် ကျောင်းသားကလေးငယ် ၄ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရကာ အဲဒီထဲက ၉ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ ပြင်သစ်ဝန်ကြီးချုပ်က ပြောပါတယ်။
အခင်းဖြစ်ရာအနီးမှာ ဒီဇင်ဘာ ၁၄ ရက် ညနေက ကျင်းပတဲ့ အစည်းအဝေးအတွင်း အခုလိုပြောလိုက်တာဖြစ်ပြီး တိုက်မိတဲ့အကြောင်းရင်းကို မဆုံးဖြတ်ရသေးဘူးလို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
တိုက်မိမှုနောက်ကွယ်က အခြေအနေ ရှုပ်ထွေးခက်ခဲနေလို့ ဖော်ထုတ်ရေးလုပ်ငန်းစဉ် စနေပြီလို့လည်း သူက ဆက်ပြောပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းကလည်း ဆိုးရွားတဲ့ ကျောင်းကား မတော်တဆမှုကြောင့် ထိခိုက်သေဆုံးသူတွေအတွက် သူတို့မိသားစုတွေနဲ့ထပ်တူ အပြည့်အဝ ခံစားရကြောင်း တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးပါတယ်။
အရေးပေါ်ဌာနအားလုံး လှုပ်ရှားနေပြီး အကျပ်အတည်း ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ကိုလည်း ဖွဲ့ပြီးပြီလို့ ဒေသခံ မြို့တော်ခန်းမ အရာရှိတဦးက ပြောပါတယ်။
ရထားက ကျောင်းကားကို ဝင်တိုက်လို့ ကျောင်းကား ၂ ပိုင်း ပြတ်ထွက်ခဲ့တာပါ။
ရထားဟာ ကျောင်းကားကို မတိုက်မိခင်မှာ တနာရီ ၈၀ ကီလိုမီတာနှုန်းနဲ့ ပြေးဆွဲနေပြီး ရထားပေါ်မှာ လူ ၂၅ ဦး ပါတယ်လို့ အစိုးရပိုင် ရထားလုပ်ငန်း SNCF ရဲ့ ပြောခွင့်ရက ဆိုပါတယ်။
ပြင်သစ်နိုင်ငံမှာ ကျန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ရထားမတော်တဆမှု အတော်များများ ဖြစ်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ်က ပြင်သစ်အလယ်ပိုင်းမှာ ရထားလမ်းချော်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပါတယ်။
၁၉၈၈ ခုနှစ်ကတော့ ရထားဘရိတ် ချွတ်ယွင်းမှုကြောင့် ရပ်ထားတဲ့ရထားတစီးကို ဝင်တိုက်ခဲ့လို့ လူ ၅၆ ဦး သေဆုံးခဲ့ပါတယ်။