ကနီ-မင်းကင်းလမ်းဖောက်ရာမှ ဆုံးရှုံးသွားသည့် လယ်ယာမြေများအတွက် နစ်နာကြေးပေးမည်
DVB
·
December 15, 2017
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့မှ မင်းကင်းမြို့ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ လမ်းပိုင်း ၃၈ မိုင်မှာ လမ်းဖောက်စဉ်က ပါဝင်သွားတဲ့ လယ်ယာမြေတွေအတွက် တောင်သူတွေထံ နစ်နာကြေးပေးသွားမယ်လို့ သိရပါတယ်။
လမ်းဖောက်လုပ်စဉ်က တောင်သူပိုင်လယ်ယာမြေ ဧကပေါင်း ၁၄၀ ကျော်ဆုံးရှုံးလိုက်ရပြီး အဲဒီအတွက် လယ်တစ်ဧကကို ၁၂ သိန်းနဲ့ ယာတစ်ဧကကို ၆ သိန်းနှုန်းနဲ့ တိုင်းဒေသကြီး အစိုးရထံတင်ပြရာ လာမယ့် ဇန်နဝါရီလထဲမှာ နစ်နာကြေးကို အပြီးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက “အရင်က ဒီလမ်းက ဂျင်းမြေနဲ့ဖောက်ထားတဲ့ အူကြောင်းလမ်းပေါ့။ မိုးရွာရင် သွားလို့ သိပ်မကောင်းဘူး။ အခုကတ္တရာလမ်းလုပ်နေပါတယ်။ ဘတ်ဂျက်အနေထားအရ တစ်နှစ်ကို ၁ မိုင်နှုန်းလောက်နဲ့ ဖောက်နေရတယ်။ အခု လယ်ယာမြေကိစ္စ တောင်သူတွေတင်ပြလာတော့ ကျနော်ကွင်းဆင်းပြီး စာရင်းတွေလိုက်ကောက်ခံပါတယ်။ ဒါတွေကို အားလုံးတင်ပြတော့ ဇန်နဝါရီလအတွင်းမှ အပြီးပေးအပ်သွားဖို့ ပြည်ထောင်စုလွှတ်တော်ကလည်း သဘောတူထားပါတယ်" လို့ ပြောပါတယ်။
ယခု ဖောက်လုပ်နေတဲ့လမ်းဟာ အရှည် ၃၈ မိုင်ရှိပြီး ဝဲ-ယာ အကျယ် ပေ ၁၅၀ ရှိ လမ်း ဖြစ်ပြီး ၂၀၁၄ -၂၀၁၅ ခုနှစ်အတွင်းက စတင်ဖောက်လုပ်နေတာဖြစ်ပါတယ်။
လမ်းဖောက်ရာမှာ လယ်ယာမြေဆုံးရှုံးသွားတဲ့ ကျေးရွာတွေကတော့ ကင်းရွာ၊ အထက်ကင်းရွာ၊ မိချောင်းတွင်းရွာ၊ နံစုရွာ၊ ရေသာရွာသစ်နဲ့ ရေသာရွာမ ကျေးရွာတွေဖြစ်ပါတယ်။
ရန်နိုင်စိုး