ရွှေပလ္လင်ထက်မှာ ပြောမယ့် သတင်းမှားတွေအကြောင်း
DVB
·
December 15, 2017
“ကျမ လင်လိုချင်ပြီ”
ကျနော်တို့နဲ့ လုပ်ဖော်ကိုင်ဘက်သတင်းထောက် အပျိုကြီးတယောက်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သူ့ရဲ့ အလှရိုက်ထားတဲ့ ပုံကလေးနဲ့အတူ တက်လာတဲ့ စာသားကလေးပါ။
ပုံအောက်မှာတော့ ရင်းနှီးတဲ့မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဘက်တွေက အမျိုးမျိုး နောက်ပြောင်ကျီစယ်ထားတဲ့ မှတ်ချက်တွေလည်း တွဲပါလာပါတယ်။
ကျနော် သိလိုက်ပါတယ်။ သူ ထမင်းစားသွားတုန်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ Facebook မှာ မိတ်ဆွေသူငယ်ချင်းတွေက နောက်ပြောင်တဲ့အနေနဲ့ ရေးလိုက်တယ် ဆိုတာ။ ဒီလို တယောက်နဲ့တယောက် နောက်ပြောင်တာကို သူတို့စကားနဲ့ ‘ဆေးထိုး’တယ်လို့ ပြောလေ့ရှိပါတယ်။ အပျိုကြီးမမကလည်း သူ့ Facebook စာမျက်နှာကို မပိတ်ခဲ့မိပဲကိုး။
သူပြန်လာတော့ ‘နင်တို့ ငါ့ကို ဆေးထိုးတယ် သိမယ်’ လို့ပြောပြီး တင်ထားတဲ့စာကို ပြန်ဖျက်ချလိုက်ပါတယ်။ ဘာမှ ပြဿနာမဖြစ်ပါ။ ရယ်ရယ်မောမောနဲ့ ပြီးသွားပါတယ်။
ကျနော်တို့ကလည်း နောက်ပြောင်ကျီစယ်မှန်းလည်းသိ၊ အကြောင်းအရာကလည်း အများနဲ့ မသက်ဆိုင်တဲ့အပြင်၊ ရင်းနှီးတဲ့ သူငယ်ချင်းတွေကိုသာ မျှဝေထားတဲ့ စာမျက်နှာလည်း ဖြစ်နေတာကိုး။
တကယ်လို့များ လူအားလုံးကိုဖြန့်တဲ့ စာမျက်နှာလည်းဖြစ်၊ အများစိတ်ဝင်စားတဲ့ အကြောင်းအရာလည်း ဖြစ်မယ်ဆိုရင် အဲဒီလို ကျီစယ်နောက်ပြောင်မှုဟာ ပြဿနာပါ။ ဥပမာ လူအများ စိတ်ဝင်စားနေတဲ့ တက်သစ်စ မော်ဒယ်ကလေးတယောက်ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အဲဒါမျိုး နောက်ပြောင်မိရင်တော့ Like လုပ်မယ့်သူတွေ၊ Share မယ့်သူတွေ သိန်းသောင်းချီ ဖြစ်သွားမယ်၊ ကြော်ငြာတွေနဲ့အတူ ဝင်ငွေတွေ ရလာမယ်၊ သတင်းမီဒီယာတွေအတွက်လည်း မျက်နှာဖုံးသတင်းတွေ ဖြစ်ကောင်းဖြစ်သွားမှာပါ။
ငွေဝင်လာပြီဆိုရင်တော့ စီပွားရေးသမားတွေရဲ့ ခွင်ထဲကို ရောက်သွားပါပြီ။
ဒီလိုအထာကို သိလိုက်တဲ့ စီးပွားရေးသမားတွေက လူသိများ၊ လူကြိုက်များမယ့် သတင်းတုတွေကို ဖန်တီးပြီး Like တွေ များများရအောင်လုပ်၊ ကြော်ငြာတွေ များများရအောင်လုပ်ပြီး ငွေရှာလေ့ရှိပါသတဲ့။
အဲဒါကြောင့် သတင်းတုတွေ ဖန်တီးရတဲ့ ရည်ရွယ်ချက်တွေထဲမှာ ငွေများများရဖို့ဆိုတဲ့ ရည်ရွယ်ချက် ရှိနေတာကို တွေ့ရပါတယ်။
နောက်တခုက လူမျိုးရေး၊ ဘာသာရေး ခွဲခြားပြီး အကြမ်းဖက်မှုတွေ ပေါ်ပေါက်အောင် သတင်းမှားတွေ လွှင့်တတ်သလို နိုင်ငံရေးမှာ မဲအနိုင်ရအောင် သတင်းတုတွေ ဖန်တီးတတ်တယ်လို့ ဆိုပါတယ်။
လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ပေါ်ပေါက်အောင် သတင်းတုတွေ ဖန်တီးတဲ့ဒဏ်ကို ကျနော်တို့နိုင်ငံသားတွေ တော်တော်ခံခဲ့ရပါတယ်။ အခုလည်း ခံနေရဆဲ ဖြစ်ပါတယ်။ ဘယ်သူ့ကို ဘာသာမတူတဲ့ လူတစုက ခေါင်းဖြတ်၊ အမည်မသိလူအုပ်ကြီးက ဘာသာရေးအဆောက်အဦတွေကို မီးရှို့၊ အမျိုးသမီးတဦးကို ဘာသာမတူတဲ့ အမျိုးသားတွေက ဝိုင်းဝန်းမုဒိမ်းကျင့်၊ လူမျိုးငယ်တစုကို လက်နက်ကိုင်တွေက လူမျိုးတုံး သတ်ဖြတ် စတဲ့သတင်းတွေကြောင့် ကျနော်တို့နိုင်ငံဟာ နိုင်ငံတကာရဲ့ အထင်လွဲမှုတွေ ခံရသလို၊ နိုင်ငံသားအချင်းချင်း သံသယမျက်လုံးတွေနဲ့ ကြည့်နေတတ်ပါတယ်။
ဒါဆို အဲဒီလို ဒုက္ခပေးတဲ့ သတင်းဆိုးတွေကို ဘယ်လိုကာကွယ်မလဲဆိုတဲ့ မေးခွန်းကလည်း နောက်ဆက်တွဲ ပေါ်လာပါတယ်။
ခုခေတ်မှာ အင်တာနက် အသုံးပြုသူတွေဟာ လူမှုကွန်ရက်တွေကတဆင့် သတင်းဖြန့်ချိရာမှာ မြန်တယ်၊ လွယ်တယ်၊ နောက်ပြီး သတင်းမှားတွေ သတင်းတုတွေကို သေသေချာချာ မစဉ်းစားဘဲ ယုံလွယ်ပြီး အလွယ်တကူ မျှဝေတတ်တယ်လို့ ဆိုပါတယ်။ တနည်းပြောရရင် သတင်းမှန်၊ မမှန် စစ်ဆေးရာမှာ အပျင်းထူတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ အင်တာနက်ဟာ မြန်တယ် (quickly)၊ လွယ်တယ် (easy)၊ ဒါပေမယ့် အသုံးပြုသူတွေကတော့ အပျင်းထူတယ် (lazy) လို့ ပြောစမှတ်ပြုကြပါတယ်။
ဒီလိုပြဿနာတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရုံးခန်းမှာ ဆုံတွေ့ခဲ့ကြတဲ့ ဘော့စနီးယားနဲ့ ဟာဇီဂိုးဗီးနားက သတင်းသမားဖြစ်တဲ့ Ljiljana Zurovac နဲ့ Aleksandar Bibanovic တို့ကတော့ သူတို့အတွေ့အကြုံတွေကိုပြောရင်း ‘လူတွေကို ကျနော်တို့က အသိပေးရမယ်၊ ဘယ်လိုသတင်းတွေကို မျှဝေသင့်တယ်၊ ဘယ်လိုသတင်းတွေကို မမျှဝေသင့်ဘူး၊ သတင်းတွေကို မျှဝေတဲ့အခါ အားလုံးကို မျှဝေသင့်တဲ့ သတင်းလား၊ သိသင့်သိထိုက်တဲ့သူကိုသာ မျှဝေသင့်တဲ့ သတင်းလား’ ဆိုတာတွေကို ပြောပြပါတယ်။
Ljiljana ဆိုတဲ့ အမျိုးသမီးကြီးက အသက် ငါးဆယ်ကျော်လောက် ရှိပါပြီ။ သူဟာ ဘော့စနီးယားနဲ့ ဟာဇီဂိုးဗီးနားက သတင်းမီဒီယာကောင်စီ ဒါရိုက်တာတယောက်ပါ။ သူ စကားပြောတဲ့အခါ သူ့ရဲ့ ရွှေညိုရောင်ဆံပင်တွေကို လေထဲဝဲလွင့်နေတဲ့အထိ တက်တက်ကြွကြွ ပြောတတ်ပါတယ်။ သူ့မှာ မြောက်မြားလှတဲ့ အတွေ့အကြုံတွေ ရှိနေတယ်ဆိုတာ သူ့လေသံနဲ့ အမူအရာကို ကြည့်တာနဲ့ သိနိုင်ပါတယ်။
Aleksandar ကတော့ အသက်သုံးဆယ်အရွယ် ထောင်ထောင်မောင်းမောင်း ဗလကောင်းကောင်း လူငယ်တယောက်ပါ။ ဘယ်လ်ဂျီယံက မာလ်တီမီဒီယာ ကျွမ်းကျင်သူ တဦးပါ။ ခေတ်လူငယ်ပီပီ လည်ပင်းမှာ ဆေးမင်ကြောင်ထိုးတာကို တွေ့ရပါတယ်။ သူ စကားပြောတဲ့အခါ ပြတ်သားပြီး ကွန်ပျူတာသမားပီပီ အချက်အလက်နဲ့ ရှင်းရှင်းလင်းလင်း ရှိလှပါတယ်။
သူပြောဟန်ဆိုဟန်နဲ့ အမူအရာတွေက သတင်းမှား ဖြန့်ချိတဲ့သူတွေ၊ အမုန်းစကား ပြောသူတွေကို အူလှိုက်အသည်းလှိုက် ရွံရှာနေတာ သိသာပါတယ်။ သူတို့က အမုန်းစကားတွေနဲ့ သတင်းမှားတွေရဲ့ဒဏ်ကို အတော်ကြီး ခံစားခဲ့ကြရသူတွေပါ။ ဒါကြောင့်လည်း သတင်းမှား ဖန်တီးတဲ့သူတွေကို ဘယ်လိုဖော်ထုတ်ရမယ်၊ ဘယ်လိုဆန့်ကျင်သင့်တယ် ဆိုတာကို ချက်ကျလက်ကျ ပြောနိုင်တာပါ။
ကျနော်တို့ တွေ့ဆုံပွဲကလေးကို စီစဉ်ပေးသူက ဂျာမနီက DW သတင်းဌာနက ဖြစ်ပါတယ်။
သူတို့နဲ့ ပြောခဲ့တာတွေကို လက်ဖက်ရည်သောက်ချိန်မှာ ကျနော်တို့ သတင်းဌာနက သူငယ်ချင်းတွေနဲ့ တွေ့ရင် ပြန်ပြောပြရပါဦးမယ်။ ကျနော်တို့ဆုံနေကျ လက်ဖက်ရည်ဆိုင်ကတော့ ဂမုန်းပွင့်ကုန်တိုက် အပေါ်ထပ်က ရွှေပလ္လင် လက်ဖက်ရည်ဆိုင်ပါ။
သားကြီးမောင်ဇေယျ