၂၄ ထပ်အမြင့် တိုက်ခန်းစွန်းတွင် တွဲလောင်းခိုရင်း မီးလောင်မှုမှ ကံသီလွတ်မြောက်ခဲ့သူ

ဓာတ်ပုံ - CNA
2.1K
အထပ်မြင့်တိုက်ခန်းတွေမှာ မီးလောင်မှုဖြစ်ပွားချိန် လွတ်မြောက်နိုင်ဖို့ဆိုတာ တကယ့်ကို မလွယ်ကူလှပါဘူး။
ဒါပေမယ့် တရုတ်နိုင်ငံမှ အမျိုးသားတဦးကတော့ ၂၄ ထပ်အမြင့်ရှိတဲ့ တိုက်ခန်းစွန်းတခုမှာ တွဲလောင်းခိုရင်း မီးလောင်မှုဖြစ်ပွားရာကနေ သီသီကလေး လွတ်မြောက်သွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ယူဇောင်းခရိုင်ထဲက အထပ်မြင့်အဆောက်အအုံတခုတွင်းမှာ ဖြစ်ခဲ့တာလို့ ချန်နယ်နယူးစ်အေးရှား သတင်းမှာ ဒီဇင်ဘာ ၁၃ ရက်နေ့က ဖော်ပြပါတယ်။
အဲဒီအမျိုးသားဟာ မီးတွေလောင်ကျွမ်းနေတဲ့ အခန်းရဲ့ အောက်ဘက် တိုက်ခန်းဘောင်အစွန်းကို တွယ်ဖက်ထားခဲ့တာကို တွေ့ရပါတယ်။
မီးတောက်မီးလျှံတွေနဲ့ အပျက်အစီးတွေဟာ သူ့အပေါ် ပြုတ်ကျနေခဲ့တာကိုလည်း ထိတ်လန့်ဖွယ် တွေ့မြင်ရပါတယ်။
သူခိုတွဲနေရတဲ့ အခိုက်အတန့်ဟာ အချိန် စက္ကန့် ၉၀ လောက်ကြာခဲ့ပြီး ကံကောင်းထောက်မစွာပဲ မီးသတ်သမားတွေက မကြာခင်မှာ ရောက်လာခဲ့ကြပြီး မှန်ကိုခွဲကာ အခန်းတွင်းဝင်ပြီး ကယ်တင်နိုင်ခဲ့ကြတာပါ။
မီးလောင်ကျွမ်းမှုဟာ အဆောက်အအုံရဲ့ ၂၅ ထပ်အခန်းကနေ လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုတော့ မသိရသေးဘူးလို့ သတင်းက ဆိုပါတယ်။
ချောင်ကျင်းဒေးလီးသတင်းမှာတော့ မီးဟာ ၁၁ နာရီ ၅၅ မိနစ်မှာ စတင်လောင်ကျွမ်းပြီး နေ့လယ် ၁၂ နာရီ ၄၂ မိနစ်မှာ ငြိမ်းသွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ တယောက်မှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။