A d v e r t i s e m e n t With Us

၁၀ နှစ် တကြိမ် သန်းခေါင်စာရင်း ကောက်နိုင်ရန် ဒုသမ္မတ ဦးမြင့်ဆွေ ပြောကြား

 ၁၀  နှစ် တကြိမ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး  ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ လိုတယ်လို့  ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားလိုက်ပါတယ်။ နေပြည်တော်မှာ ဒီဇင်ဘာ ၁၄ ရက်က လုပ်ခဲ့တဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ် အခမ်းအနားမှာ ပြောခဲ့တာဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းဟာ နိုင်ငံတော်နဲ့  နိုင်ငံတကာ အဖွဲ့အစည်းတွေအတွက် တန်ဖိုးရှိတဲ့ ရင်းနှီးမြှပ်နှံမှုတခု ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် သူက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အထူးသဖြင့် လူမှုစီးပွားရေးကဏ္ဍ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သန်းခေါင်စာရင်း အချက်အလက်တွေဟာ အင်မတန်  အသုံးဝင်တယ်လို့ ဆိုပါတယ်။ နိုင်ငံ့စီမံကိန်းလုပ်ငန်းတွေမှာ ခန့်မှန်းလူဦးရေ စာရင်းတွေကို သုံးခဲ့ရတာ နှစ်ပေါင်း ၃၀ ကျော် ကြာခဲ့ပြီဖြစ်လို့ ခန့်မှန်းမှု နှစ်ကာလ ကြာရှည်လာတာနဲ့အမျှ စာရင်းတွေရဲ့ တိကျမှန်ကန်မှု လျော့ကျလာပြီး ဒီမှားယွင်းမှုတွေကို ၂၀၁၄ သန်းခေါင်စာရင်းက ပြန်လည်တည့်မတ်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ ဆရာ၊ ဆရာမပေါင်း တသိန်းနှစ်သောင်းကျော် ပါဝင်ဆောင်ရွက်ခဲ့တဲ့ ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကနေ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အစီရင်ခံစာ ၁၅ စောင်၊ အသေးစိတ် ဆန်းစစ်လေ့လာတဲ့ သုတေသနစာတမ်း ၁၃ စောင်၊ သန်းခေါင်စာရင်း ရလဒ်မြေပုံ အစီရင်ခံစာ၊ မြို့နယ်၊ မြို့အစီရင်ခံ စာပေါင်း ၄၀၀ ကျော်ကို ထုတ်ပြန် ကြေညာခဲ့နိုင်ပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူနိုင်ဖို့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့က အဓိက ကူညီပေးခဲ့ပြီး သြစတေးလျ၊ ဖင်လန်၊ ဂျာမနီ၊ အီတလီ၊ နော်ဝေ၊ ဆွီဒင်၊ ဆွစ်ဇာလန်နဲ့  ဗြိတိန်နိုင်ငံတို့ကလည်း ကူညီလှူဒါန်းခဲ့ကြပါတယ်။ Photo : MOI Webportal Myanmar

A d v e r t i s e m e n t With Us

More News
Up