မြိတ်မြို့တွင် လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေး သုံးစွဲရောင်းဝယ်နေသူ ၁ ဦးကို ဖမ်းမိ
DVB
·
December 15, 2017
မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ပုလဲဒီပါရပ်ကွက်တွင် ဒီဇင်ဘာ ၁၄ ရက်က အမျိုးသားတဦးကို WY မူးယစ်ဆေးပြား ၇ သောင်းကျော်နဲ့ သေနတ် ၁ လက် နဲ့အတူ ဖမ်းဆီးရမိကြောင်း နယ်ခံရဲတပ်ဖွဲ့ထံက သိရပါတယ်။
ပုလဲဒီပါရပ်ကွက်၊ စပါးရွှေဝါလမ်းသွယ်နေ ကျော်ဇေယျ(၄၂)နှစ်ရဲ့ နေအိမ်မှာ မူးယစ်ဆေး ရောင်းဝယ်နေကြောင်း သတင်းရလို့ နယ်ထိန်း ဒုရဲအုပ် ထွန်းထွန်းနိုင်အဖွဲ့နဲ့ သက်သေတွေနဲ့အတူ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ထွန်းထွန်းနိုင်က “ကျော်ဇေယျ အိမ်မှာ မူးယစ်ဆေး ရောင်းဝယ်နေတယ် သတင်းရလို့ မြို့နယ်မှူးထုတ်ပေးတဲ့ ဖမ်းဝရမ်းအမှတ် (၉၇/၂၀၁၇)နဲ့ ဝင်ဖမ်းပါတယ်။ ကျော်ဇေယျကို နေအိမ်မှာတွေ့လို့ ဖမ်းပြီး အိမ်ထဲမှာဝင်ရှာတော့ အိမ်အပေါ်ထပ် အိမ်သာခန်းထဲမှာ WY မူးယစ်ဆေးပြား ၇၂,၄၀၀(ဒေသပေါက်ဈေး သိန်း-၃၆၂၀) နဲ့ ဆေးရှူရာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်း၊ ၉မမ LUGER ပစ္စတို ၁ လက်နဲ့ ကျည် ၃၂ တောင့်၊ မြန်မာငွေရောရာ ၃ သိန်းကို ရှာဖွေဖမ်းဆီးနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးသုံးစွဲရောင်းဝယ်နေသူ ကျော်ဇေယျကို မူး/စိတ် ပုဒ်မ ၁၅/ ၁၉(က) / ၂၀(က)/၂၂(ခ) နဲ့ မြိတ်မြို့မရဲစခန်းက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)