Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာဟု သံသယရှိသူ အမျိုးသား ၂ ဦးထံမှ စိတ်ကြွမူးယစ်ဆေးပြား ၅ သန်းကျော် ဖမ်းဆီးရမိ
DVB
·
December 15, 2017
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေလို့ သံသယရှိတဲ့ အမျိုးသား ၂ ဦးကို စိတ်ကြွမူးယစ်ဆေးပြား ၅ ဒသမ ၄ သန်းကျော်၊ အိုက်စ်မူးယစ်ဆေးဝါး ၁၂၀ ကီလိုဂရမ်တို့နဲ့အတူ လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၁၃ ရက် ည ၁၁ နာရီခွဲလောက်မှာ နွန်ထဘူရီခရိုင်၊ ခရူရိုင်-ဆိုင်နွိုင်လမ်းမကြီးပေါ်က အိမ်အမှတ် ၆၄/၁၅၇ ကို စီးနင်းရှာဖွေချိန်မှာ ခုလိုဖမ်းမိခဲ့တာလို့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ အမျိုးသားရဲချုပ် ချက်က်သစ်ပ် ချိုင်ဂျင်ဒါက ပြောပါတယ်။ ပွန်သက်မီးနက်နဲ့ အိခ်လို့ ဖော်ပြတဲ့ တရားခံအမျိုးသား ၂ ဦးဟာ ငှားရမ်းထားတဲ့ နေအိမ်မှာ မူးယစ်ဆေးဝါးတွေ သိုလှောင်ထားပြီး ဘန်ကောက်မြို့နဲ့ အနီးဝန်းကျင် ခရိုင်တွေအတွင်း မူးယစ်ဆေးဝါး အဓိကရောင်းချသူတွေဖြစ်တယ်လို့ရဲကဆိုပါတယ်။ ဖမ်းမိတဲ့ညကတော့ သူတို့ ၂ ဦးဟာ နောက်ဘက်အလုံပိတ်ထားတဲ့ ကားတစီးနဲ့ အိမ်ရှေ့ကို ရောက်လာခဲ့ပြီး ကားထဲက ပလတ်စတစ်အိတ် အနက်တွေကို အိမ်ထဲသွင်းခဲ့ကြတာ စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။ ရဲတွေ သွားရောက်စစ်ဆေးချိန်မှာတော့ ကားအတွင်းမှ စိတ်ကြွမူးယစ်ဆေးပြား ၂ သန်းခွဲနဲ့ အိမ်တွင်းမှာ နောက်ထပ် ဆေးပြား ၂ ဒသမ ၈၇ သန်းကျော်ကို ဖမ်းဆီးရမိခဲ့ကာ အိုက်စ်မူးယစ်ဆေးဝါး ၁၂၀ ကီလိုဂရမ်ကိုပါ သိမ်းဆည်းနိုင်ခဲ့တာပါ။ သူတို့ ၂ ဦးဟာ ကျောင်းနေဘက် သူငယ်ချင်းတွေ ဖြစ်ကြတယ်လို့ ရဲတွေကို ဖြောင့်ချက်ပေးခဲ့ကြတာပါ။ ရဲချုပ် ချက်က်သစ်ပ်ကတော့ ဒီမူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံ၊ ဝဒေသဘက်မှ တင်သွင်းလာတာ ဖြစ်နိုင်တယ်လို့ ယူဆနေပြီး သူတို့ ၂ ဦးထဲက တဦးဟာ ၂၀၁၂ ခုနှစ်မှာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ကျဖူးသူဖြစ်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ၃ ပတ်ကျော်ကာလကလည်း တန်ဖိုးဘတ်ငွေ ၄ ဘီလီယံ တန်ကြေးရှိ စိတ်ကြွမူးယစ်ဆေးပြား ၂၆ သန်းနဲ့ တန်ဖိုးဘတ်ငွေ သန်း ၁၃၀ တန်ကြေးရှိတဲ့ အိုက်စ်မူးယစ်ဆေးဝါး ၁၃၀ ကီလိုဂရမ်ကို ရဲတွေက ဖမ်းမိထားခဲ့သေးတယ်လို့ ရဲချုပ် ချက်က်သစ်ပ်က ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024