Home
မြန်မာသတင်း
ရခိုင်အရေး မြန်မာအစိုးရ ဆောင်ရွက်မှုများကို ထောက်ခံကူညီမည်ဟု ဂျပန်ဝန်ကြီးချုပ်ပြော
DVB
·
December 15, 2017
ရခိုင်ပြည်နယ်အရေးကိစ္စ  မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်နေမှုတွေကို ဂျပန်နိုင်ငံက ထောက်ခံအသိအမှတ်ပြုပြီး အကူအညီတွေ ပေးသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောပါတယ်။ ဂျပန်နိုင်ငံမှာ ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးထင်ကျော်ကို မနေ့ ညပိုင်းက တိုကျိုမြို့ရှိ ဝန်ကြီးချုပ်ရုံးမှာ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အခမ်းအနားနဲ့ ဂုဏ်ပြုကြိုဆိုပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်တွေ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။ ဂျပန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ ပြုပြင်ပြောင်းလဲရေး၊ စီးပွားရေး တိုးတက်အောင်မြင်စေရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်စေဖို့အတွက် ဆက်လက် ပူးပေါင်းကူညီ ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံက ကူညီမယ့် ဂျပန်ယန်းငွေ ၈ဝဝ ဘီလီယံနဲ့ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနဲ့ လျှပ်စစ်ဓာတ်အား ကဏ္ဍတို့မှာ အဓိကထား ပူးပေါင်းဆောင်ရွက်သွားမယ်၊ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်း လမ်းတံတားတွေ ဆောက်လုပ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ စာသင်ကျောင်းတွေ ဆောက်လုပ်ရေးတို့ကို အကူအညီပေးသွားမယ်လို့လည်း ပြောပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ မြန်မာသမ္မတ ဦးထင်ကျော်ကတော့ ဂျပန်အစိုးရနဲ့ ဂျပန်ပြည်သူတွေရဲ့ မြန်မာနိုင်ငံအပေါ် စိတ်စေတနာကောင်းတွေ ထားရှိမှု၊ လူမှုရေး၊ စီးပွားရေး ကဏ္ဍပေါင်းစုံမှာ မြန်မာနိုင်ငံ တိုးတက်ရေးအတွက် ပေးအပ်နေတဲ့ အကူအညီတွေအတွက် မြန်မာအစိုးရနဲ့ ပြည်သူတွေ ကိုယ်စားအထူးကျေးဇူးတင်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံဒီမိုကရေစီကြိုးပမ်းမှုသမိုင်းနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကဏ္ဍမှာ အရေးပါတဲ့ မိတ်ဆွေနိုင်ငံဖြစ်တယ်လို ပြောကြားခဲ့ပါတယ်။ မြန်မာသမ္မတနဲ့ ဂျပန်နိုင်ငံဝန်ကြီးချုပ်တို့ ဦးဆောင်ကျင်းပတဲ့  ဂျပန်-မြန်မာ ထိပ်သီး အစည်းအဝေးမှာတော့ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရေး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့  မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဂျပန်နိုင်ငံအနေနဲ့ ဆက်လက်အကူအညီပေးရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။   ဒါ့အပြင်  မြန်မာ့ဒီမိုကရေစီရေးနဲ့ မြန်မာနိုင်ငံရဲ့ Universal Health Coverage အားလုံးလွှမ်းခြုံ ကျန်းမာရေးအစီအစဉ် ရည်မှန်းချက် အကောင်အထည်ဖော်ရေးအတွက် ဂျပန်နိုင်ငံမှ ကူညီသွားရေး၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ရန်ကုန်မြို့တွင် ဂျပန်ယဉ်ကျေးမှုစင်တာ တည်ထောင်ရေးကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။   မြန်မာနိုင်ငံမှာ ဂျပန်လုပ်ငန်းရှင်များ ပိုမိုလာရောက်လုပ်ကိုင်ဖို့နဲ့ ဝန်ကြီးချုပ် မစ္စတာအာဘေးအနေနဲ့  မြန်မာနိုင်ငံကို နှစ်ဖက် အဆင်ပြေတဲ့အချိန်မှာ လာရောက်ဖို့လည်း မြန်မာသမ္မတက ဖိတ်ကြားခဲ့ပါတယ်။ မြန်မာသမ္မတ ဦးထင်ကျော်နဲ့ ဒေါ်စုစုလွင်တို့ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဂျပန်နိုင်ငံမှာ ဒီဇင်ဘာ ၁၃ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ၅ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အတွင်း တိုကျိုမှာ ကျင်းပတဲ့  နိုင်ငံတကာကျန်းမာရေးဖိုရမ် UHC အဆင့်မြင့် ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်ခဲ့ပါတယ်။ ဓာတ်ပုံ - ဂျပန်ဝန်ကြီးချုပ်ရုံး သတင်းထုတ်ပြန်ရေးဌာန
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024