၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဒုတိယတန်းသင်ရိုးသစ် သင်ကြားနည်းစနစ်သင်တန်း ပို့ချမည်

2.1K
၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ စတင်အကောင်အထည်ဖော်မယ့် ဒုတိယတန်း သင်ရိုးသစ်အတွက် တစ်နိုင်ငံလုံးက မူလတန်းပြဆရာ ဆရာမအားလုံးကို သင်ကြားနည်းစနစ်သင်တန်း ပို့ချသွားမယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။
ပထမတန်းသင်ရိုးသစ်ပြောင်းလဲမှုမှာ တစ်နိုင်ငံလုံးက ပထမတန်း သင်ကြားတဲ့ဆရာ ဆရာမတွေကိုသာ သင်တန်းပို့ချခဲ့တာကြောင့် အဲဒီဆရာ ဆရာမတွေရာထူးတိုး ကျောင်း အပြောင်းအရွေ့မှာ ကျောင်သားတွေအတွက် သင်ကြားမှု တချို့ အဆင်မပြေတာတွေ ရှိခဲ့တဲ့ အတွက်အခု ဒုတိယတန်းသင်ရိုးသစ် အပြောင်းအလဲမှာတော့ မူလတန်းဆရာ ၂ သိန်းကျော်ကို သင်တန်းပို့ချသွားမယ်လို့ပြောပါတယ်။
အခုပြောင်းလဲမယ့် ဒုတိယတန်းသင်ရိုးသစ်ဟာ ပထမတန်း သင်ရိုးသစ်နဲ့ ပုံစံတူဖြစ်ပြီး ဘာသာရပ် ၁၀ မျိုးကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
သင်ရိုးညွှန်းတမ်း အပြောင်းအလဲနဲ့ပတ်သက်ပြီး ကြီးကြပ်သူအဆင့် အလုပ်ရုံဆွေးနွေးပွဲ ကို ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ အုပ်ချုပ်မှုသင်တန်း ကျောင်းမှာပြုလုပ်ခဲ့ပြီး အခမ်းအနားကို ပညာရေးသုတေသနနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှ ပညာရေးတက္ကသိုလ်၊ ကောလိပ်တွေက ဆရာ ဆရာမတွေနဲ့ အခြေခံပညာအဆင့် သက်ဆိုင်ရာ ပညာရေးမှူးတွေ တက်ရောက်ခဲ့ပါတယ်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ (၂၀၁၆-၂၀၁၇) ပညာသင်နှစ်မှစတင်ကာ အခြေခံပညာ အဆင့်မှာ (KG+12)သင်ရိုးညွှန်းတမ်းစနစ်သစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လာတာ ဖြစ်ပြီး တစ်နှစ်ကို တစ်တန်း သင်ရိုးညွှန်းတမ်း ပြောင်းလဲကာသင်ကြားလာတာဖြစ်ပါတယ်။