လေယာဉ်ပျံသန်းနေစဉ် ခရီးသည်တဦး၏ တိုက်ခိုက်မှုကြောင့် လေယာဉ် အရေးပေါ်ဆင်းသက်

ဓာတ်ပုံ - မေရာ
စိတ်ပုံမှန်မဟုတ်တဲ့ လေယာဉ်စီးခရီးသည်တဦးက တခြားခရီးသည်တွေကို ကိုက်ပြီး ရိုက်နှက်ခဲ့လို့ လေယာဉ်ပြန်လှည့်ပြီး အရေးပေါ် ဆင်းသက်လိုက်ရတယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဒီဇင်ဘာ ၁၀ ရက်နေ့က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်ကနေ နယူးယောက်ကို ပျံသန်းတဲ့ ဂျက်ဘလူးလေကြောင်းလိုင်း လေယာဉ်ခရီးစဉ်အတွင်း ယူတားပြည်နယ် ကောင်းကင်ယံမှာ ပျံသန်းနေတုန်း ဖြစ်ခဲ့တာပါ။ လေယာဉ်ပျံသန်းနေတုန်း ခရီးသည်တဦးဟာ သူ့ခုံဘေးမှာရှိတဲ့ ခရီးသည်တွေကို စ ကိုက်ပြီးနောက် လေယာဉ်ထဲက တခြားခရီးသည်တွေကို လိုက်ရိုက်ခဲ့တဲ့အတွက် အထိတ်တလန့် ဖြစ်ခဲ့ရတယ်လို့ ခရီးသည်တွေက ပြောပါတယ်။ လေယာဉ်ပေါ်မှာ ပါလာတဲ့ ဆရာဝန်တွေက ဒီလူကို စစ်ဆေးဖို့ မေးမြန်းပေမယ့် ဆရာဝန်တွေကိုပါ ဒီလူက တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမှာတော့ ခရီးသည်တဦးရဲ့ အကူအညီနဲ့ လေယာဉ်ဝန်ထမ်းတွေက ဒီလူကို ဖမ်းဆီးချုပ်နှောင်နိုင်ခဲ့ပါတယ်။ အခုလို တိုက်ခိုက်မှုကြောင့် လေယာဉ်ကို လမ်းကြောင်းပြောင်း ပျံသန်းလိုက်ရပြီး လာ့စ်ဗီးဂတ်စ်မှာ ရပ်နားလိုက်ရပြီး အခုလို တိုက်ခိုက်ခဲ့တဲ့ အမျိုးသားကိုလည်း ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ တိုက်ခိုက်ခဲ့သူကို ဖမ်းဆီးနိုင်ရေး ကူညီခဲ့တဲ့ ခရီးသည်က “ဒီလူက သူ့ဘေးကလူကို လက်သီးနဲ့ထိုးတယ်။ တကယ့်ကို မစဉ်းစားဘဲ အရူးတယောက်လိုပါပဲ။ လေယာဉ်ဝန်ထမ်းတွေ ဖမ်းနိုင်ဖို့ ကျနော် သူ့နောက်ကနေလည်း ဖမ်းချုပ်လိုက်ရော သူက စအော်ပြီး ဝန်ထမ်းတွေဆီ သွားဖို့လုပ်တယ်။ သူ့ကိုဖမ်းရတဲ့အချိန်က တကယ့်ကို ငရဲပြည်ရောက်နေသလိုပါပဲ” လို့ ပြောပါတယ်။ အဲဒီလူကို လေယာဉ်ပေါ်ကနေ ခေါ်ထုတ်သွားပြီးနောက် နယူးယောက်ကို ဆက်လက်ပျံသန်းခဲ့ပြီး နာရီပိုင်း အကြာမှာပဲ နယူးယောက်လေဆိပ်ကို ချောချောမောမော ရောက်သွားတယ်လို့ ဂျက်ဘလူးလေကြောင်းလိုင်းက ပြောပါတယ်။ အဲဒီလူကိုတော့ တရားစွဲဆိုမှု မလုပ်ဘူးလို့ လတ်စ်ဗီးဂတ်စ်ရဲတွေက ဒေသခံသတင်းဌာနတွေကို ပြောကြောင်း မေရာသတင်းတပုဒ်မှာ ဒီဇင်ဘာ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up