Home
မြန်မာသတင်း
လွှတ်တော်ကိုယ်စားလှယ်များအချိန်ကိုလေးစားရန် စစ်ကိုင်းလွှတ်တော်ဥက္ကဋ္ဌမှာကြား
Aung Ko Latt
·
December 14, 2017
  လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အချိန်ကိုလေးစားကြဖို့၊ စည်းလုံးညီညွတ်ကြဖို့၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသန်းကမှာကြားလိုက်ပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၇ ရက်တာကျင်းပခဲ့ပြီး ဒီကနေ့ ရပ်နားရာမှာ ပြောကြားသွားတာဖြစ်ပါတယ်။ “ဆွေးနွေးမယ့်အကြောင်းအရာ၊ ခေါင်းစဉ်တွေကို ဖြစ်ကတတ်ဆန်းမဟုတ်ဘဲ တိတိကျကျ ရေးတင်ကြဖို့ လွှတ်ေတာ်ကိုယ်စားလှယ်အားလုံးကို မှာကြားခဲ့ပြီး အစိုးရအဖွဲ့ကိုလည်း နောင်ပြုလုပ်မယ့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ် အစည်းအဝေးတွေမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ဌာနအကြီးအကဲ တာဝန်ခံတွေကိုယ်တိုင်တက်ရောက်နိုင်ရေး ဌာနတွေကိုညွှန်ကြားပေးဖို့” လည်း လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက မှာကြားခဲ့ပါတယ်။ လွှတ်တော်ပုံမှန်အစည်းအဝေး ၇ ရက်တာကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်တွေ က စုစုပေါင်း ကြယ်ပွင့်ပြ မေးခွန်း ၅၅ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၂၁ခု၊ အဆို ၂ ခု၊ ဥပဒေ မူကြမ်း ၁ခုတို့ကိုတင်သွင်းဆွေးနွေးခဲ့ပြီး အရင်ကတင်သွင်းထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး စာကြည့်တိုက်များဥပဒေမူကြမ်းတို့ကို ဆွေးနွေးမေးမြန်း အတည်ပြုခဲ့ကြပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သက်တမ်းအတွင်း ပုံမှန်အစည်းအဝေး ၁၁ ကြိမ်၊ အထူးအစည်းအဝေး ၁ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၂ ကြိမ်၊ စုစုပေါင်း အစည်းအဝေး ၁၄ ကြိမ်ခေါ်ယူပြီးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြန်လည်ကျင်းပမှာဖြစ်ပါတယ်။ လွှတ်ေတာ်ရပ်နားထားစဉ်အတွင်း ကိုယ်စားလှယ်တွေအနေနဲ့ မဲဆန္ဒနယ်မြေတွေအတွင်းကွင်းဆင်းပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ ဆောင်ရွက်ကြဖို့ကိုလည်း လွှတ်တော်အမတ်တွေကိုတိုက်တွန်းလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024