မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် အရေးယူမှုများ အကောင်အထည်ဖော်ရန်လို

မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ကုလ လုံခြုံရေးကောင်စီရဲ့ အရေးယူမှုတွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ လိုတယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီိယို ဂူတာရက်စ်က ပြောကြားသွားပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဟာ ဒီဇင်ဘာ ၁၄ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်နဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယား အပါအဝင် တခြားနိုင်ငံတွေလည်း အပြည့်အဝ အကောင်အထည်ဖော်ဖို့ လိုတယ်လို့ ပြောကြားသွားတာပါ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်ကလည်း ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေ မပါဘဲ တိုက်ရိုက်ဆွေးနွေးဖို့ ပြောကြားလိုက်အပြီး နောက်တရက်မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က အဲဒီလို ပြောကြားတာလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားအပေါ် လေလုံးထွား တိုက်ခိုက်လေ့ရှိတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောစကားနဲ့ပတ်သက်ပြီး ခွင့်ပြုပေးခဲ့ခြင်း ရှိမရှိ မေးမြန်ချက်ကိုတော့ အိမ်ဖြူတော်က ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဂျပန်နိုင်ငံက အခုအချိန်ဟာ မြောက်ကိုရီးယားအပေါ် အမြင့်ဆုံးဖိအား ဆက်လက်ပေးဖို့ အချိန်ရောက်ပြီလို့ ပြောကြားထားတာလည်း ဖြစ်ပါတယ်။
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က “ကျနော်တို့တွေ့ဆုံမှုမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်တဲ့ နျူကလီးယား ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ရှင်းနေတဲ့ကိစ္စကတော့ ကုလ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ပါ။ ပထမဆုံး မြောက်ကိုရီးယားက အပြည့်အဝ အကောင်အထည် ဖော်ရပါမယ်။ ဒါ့အပြင် ပိတ်ဆို့အရေးယူမှုတွေ လက်တွေ့ဖြစ်လာစေတဲ့နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ရှိနေကြတဲ့ တခြားနိုင်ငံတွေအနေနဲ့ အပြည့်အဝ အကောင်အထည်ဖော်ဖို့ လိုပါတယ်။ နောက်ပြီး ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းမဲ့ရေး ဆိုတဲ့ ကျနော်တို့ အားလုံးရဲ့ ရည်မှန်းချက် ရလဒ် အောင်မြင်ဖို့ အရေးပါတဲ့ကဏ္ဍမှာ ရှိကြတဲ့ တခြားနိုင်ငံတွေလည်း အပြည့်အဝ အကောင်အထည်ဖော်ဖို့လိုပါတယ်” လို့ ပြောသွားပါတယ်။