A d v e r t i s e m e n t With Us

မသန်စွမ်းကလေးကို စင်ကာပူတွင် စွန့်ပစ်ခဲ့သည့် ဖခင် ထောင်ဒဏ် ၆ လ ချမှတ်ခံရ

စွန့်ပစ်ခံရသည့် မသန်စွမ်းကလေးငယ်။ (ဓာတ်ပုံ - Facebook/Singapore Police Force)
စင်ကာပူနိုင်ငံမှာ မသန်စွမ်း သားဖြစ်သူကို စွန့်ပစ်ခဲ့တဲ့ ဟောင်ကောင်အမျိုးသား ဖခင်တဦးကို တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တယ်လို့ ချန်နယ်နယူးစ်အေးရှား သတင်းတပုဒ်မှာ ဒီဇင်ဘာ ၁၃ ရက်နေ့က ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဖြစ်ခဲ့ပြီး ဒါဟာ ပထမဆုံး ပြစ်ဒဏ်ချမှတ်ရတဲ့ ပြစ်မှုအမျိုးအစားဖြစ်တယ်လို့ တရားရုံးက ဆိုပါတယ်။ အသက် ၄၈ နှစ်အရွယ် ချန်ချိုင်ဝေလို့ အမည်ရတဲ့ ဖခင်အမျိုးသားဟာ ဆောက်လုပ်ရေးလုပ်သားတဦးဖြစ်ကာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဒီအမှုအတွက် သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီးနောက်မှာ ခုလို ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။ နွေရာသီ အားလပ်ရက်မှာ သူဟာ သားဖြစ်သူကို စင်ကာပူနိုင်ငံ ခေါ်သွားခဲ့ပြီးနောက် လမ်းပေါ်မှာ ပစ်ထားခဲ့ကာ ဟောင်ကောင်ကို တဦးတည်း ပြန်လာခဲ့တာပါ။ အဲဒီအချိန်တုန်းက ကလေးငယ်ရဲ့အသက်ဟာ ၁၁ နှစ်အရွယ်သာ ရှိသေးပြီး မသန်စွမ်းတွေအတွက် ဖွင့်လှစ်ထားတဲ့ ကျောင်းတကျောင်းမှာ တက်ရောက်နေချိန် ဖြစ်ပါတယ်။ လမ်းသွားလမ်းလာတွေဟာ ကလေးငယ်ကို ၂၀၁၄ ခုနှစ်၊ ဇူလိုင် ၂၁ ရက်နေ့မှာ တွေ့ရှိခဲ့ကြပြီးနောက် ရဲတွေကို အကူအညီတောင်းခဲ့ကြရတာ ဖြစ်ပါတယ်။ အဲဒီနောက် စင်ကာပူရဲတွေဟာ ဟောင်ကောင်ရဲဌာနနဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီးခဲ့ချိန်မှာ ခုလိုဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချန်ချိုင်ဝေဟာ အဲဒီကလေးငယ်ကို ဇနီးဟောင်းနဲ့ ရခဲ့တာဖြစ်ပြီး ကလေးအသက် ၄ နှစ်အရွယ်မှာ ဇနီးက ကလေးကို သူ့ဆီမှာ ထားခဲ့တာပါ။ နားမကြား၊ စကားမပြောနိုင်တဲ့ သားဖြစ်သူကို သံယောဇဉ်ရှိပေမယ့် ဟောင်ကောင်အစိုးရဟာ ဒါတွေကို ထောက်ပံ့ကူညီမှု အားနည်းတဲ့အတွက် စိတ်ပျက်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။ စင်ကာပူမှာဆိုရင်တော့ ဒီ့ထက်ပိုကောင်းတဲ့ စောင့်ရှောက်မှု ပေးနိုင်လိမ့်မယ်လို့ ယူဆပြီး ခုလိုကျူးလွန်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up