Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦးကို ဖမ်းဆီးမှု ဒီမိုကရေစီအစိုးရ ဂုဏ်သိက္ခာကျနိုင်သဖြင့် အမြန်ပြန်လွှတ်ရန် တောင်းဆို
DVB
·
December 14, 2017
မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦး ကိစ္စနဲ့ပတ်သက်ပြီး အာဏာပိုင်တွေအနေနဲ့ ပွင့်လင်းမြင်သာစွာ ရှင်းပြဖို့နဲ့ သတင်းလုပ်ငန်း လုပ်ကိုင်တဲ့ သတင်းစာဆရာတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သတင်းထောက် အဖွဲ့အစည်းတွေက ပူးပေါင်းတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ဖြစ်သည့် သက်ဦးမောင်(ခ)ဝလုံးနဲ့ ကျော်စိုးဦး(ခ) မိုးအောင် တို့နှစ်ဦးကို  ရခိုင်ပြည်နယ်၊ မောင်တောမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ် အစီရင်ခံစာတွေ လက်ဝယ်တွေ့ရှိခဲ့တယ်ဆိုပြီး  မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ၊ ပုဒ်မ ၃ နဲ့ ဒီဇင်ဘာ ၁၂ ရက်ညက ရန်ကုန် ထောက်ကြန့်နယ်မြေရဲစခန်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေနဲ့ ဖမ်းဆီးတာဟာ ဒီမိုကရေစီအစိုးရအတွက် ဂုဏ်သိက္ခာ ကျဆင်းစေသလို ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာ မီဒီယာအသိုင်းအဝိုင်းမှာ မြန်မာအစိုးရအပေါ် သံသယကြီးထွားနေချိန်မှာ အခုလို ဖမ်းဆီးလိုက်တာဟာ အစိုးရရဲ့ ဂုဏ်သိက္ခာကို ပိုညစ်နွမ်းစေနိုင်တယ်လို့လည်း ဆိုပါတယ်။ သတင်းသမားတွေအနေနဲ့ သတင်းဖြစ်ပွားရာ နေရာကို သွားယူခွင့်ရှိသကဲ့သို့ သတင်းပြည့်စုံမှန်ကန်စွာ တင်ပြနိုင်ဖို့ သတင်းနဲ့ဆက်စပ်တဲ့ အချက်အလက်တွေကို  မေးမြန်းစုဆောင်းခွင့် ရှိတယ်၊ သတင်းအလုပ်လုပ်ရာမှာ နိုင်ငံတော်လုံခြုံရေးအား ထိခိုက်စေနိုင်တဲ့ အချက်အလက်တွေကို အများသိအောင် မဖော်ပြသင့်တာကို လက်ခံပေမယ့် သတင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေ လက်ဝယ်တွေ့ရှိရုံနဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲတာဟာ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ရာကျတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီထုတ်ပြန်ချက်ကို  MJA၊ MJN၊ MJU၊ BNI၊  Myanmar Women Journalists Society၊  Myanmar Media Lawyers’ Network နဲ့ မြေလတ်၊ ဧရာဝတီ၊ လားရှိုး၊ မုံ၇ွာ၊ တောင်ကြီးနဲ့ ရခိုင် စတဲ့ ဒေသအခြေစိုက် သတင်းထောက်အဖွဲ့အစည်းတွေက ပူးပေါင်းထုတ်ပြန်လိုက်တာပါ။ ရိုက်တာသတင်းထောက် ၂ ဦးနဲ့အတူ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူး မိုးရန်နိုင်နဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ ၂ ဦးကိုလည်း  ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မနဲ့ရော ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေတွေအရပါ ထိရောက်စွာ အရေးယူသွားမယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ မောင်တော-ဘူးသီးတောင်ဒေသမှာ လုံခြုံရေးတာဝန်တွေ ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မှာ ပြန်လည်အနားပေးထားတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်တွေကို ချဉ်းကပ်စည်းရုံး ဆက်သွယ်ပြီး ရခိုင်ဒေသနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ တပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ အရေးကြီး လုံခြုံရေး စာရွက်စာတမ်း အထောက်အထားတွေကို ပြည်ပသတင်းဌာနတွေကို ပေးပို့ဖို့  ရည်ရွယ်ချက်နဲ့ တရားမဝင် သတင်းရယူဆောင်ရွက်ခဲ့လို့ ခုလို အမှုဖွင့်စစ်ဆေးနေတာလို့ ဆိုပါတယ်။ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကတော့ ရိုက်တာသတင်းထောက်နှစ်ဦးဟာ ရဲအရာရှိတွေနဲ့ တွေ့ဆုံဖို့ ဖိတ်ကြားခံရပြီးနောက် သမားရိုးကျမဟုတ်တဲ့ ဖမ်းဆီးခြင်းခံရကြောင်း ကြားသိရလို့ များစွာ စိုးရိမ်မကင်းဖြစ်မိတယ် ဒီမိုကရေစီတရပ် အောင်မြင်စေရေးအတွက် သတင်းထောက်တွေအနေနဲ့ လွတ်လပ်စွာ သတင်းရယူ ရေးသားနိုင်ရန် လိုအပ်တယ်၊ မြန်မာအစိုးရအနေနဲ့ အခု ဖမ်းဆီးမှုအကြောင်း ရှင်းပြပေးဖို့နဲ့ သက်ဆိုင်သူတွေကို သတင်းထောက်တွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ တိုက်တွန်းကြောင်း ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အီးယူဥရောပသမဂ္ဂရုံးကလည်း သတင်းထောက် ၂ ဦး ဖမ်းဆီးခံရတဲ့ ကိစ္စ အနီးကပ်လိုက်ကြည့်နေကြောင်းနဲ့ သူတို့ရဲ့အခွင့်အရေးကို အပြည့်အဝ အကာအကွယ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို တောင်းဆိုလိုက်ပြီး မီဒီယာလွတ်လပ်ခွင့်ဟာ ဘယ်လို ဒီမိုကရေစီမျိုးမှာမဆို အခြေခံဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024