ဧရာမစပါးကြီးမြွေကြီးတကောင်ကြောင့် အွန်လိုင်းပေါ် နာမည်ကြီးခဲ့သည့် ရဲအရာရှိ

ဓာတ်ပုံ - Queensland Police
2.6K
သြစတြေးလျနိုင်ငံက ရဲအရာရှိတဦးဟာ ညပိုင်း ကင်းလှည့်ချိန်မှာ တွေ့ရှိခဲ့တဲ့ ဧရာမ စပါးကြီးမြွေကြီးတကောင်ကြောင့် အွန်လိုင်းပေါ်မှာ နာမည်ကြီးခဲ့ရပါတယ်။
သူဟာ မြွေကြီးနဲ့အတူ အမှတ်မထင် ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ စိတ်ဝင်စားမှုတွေ မြင့်တက်နေခဲ့တာပါ။
ဒီအဖြစ်အပျက်ဟာ မြောက်ပိုင်း ကွင်းစလန်ပြည်နယ်မှာ ဖြစ်ခဲ့ပြီး တခြားအဖော်တဦးနဲ့ ကင်းလှည့်ချိန်မှာ လမ်းမပေါ်ဖြတ်သွားတဲ့ မြွေကြီးကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
“မြွေကြီးရဲ့အရှည်ဟာ ၅ မီတာကျော်လောက်ရှိမယ် ထင်တယ်ဗျ။ ဒါပေမယ့် ဘာအမျိုးအစား ဆိုတာကိုတော့ သေသေချာချာမသိဘူး” လို့ ဘီဘီစီသတင်းကို ပြောပါတယ်။
ဒါဟာ အခုနှစ်အစောပိုင်းက ဖြစ်ခဲ့တာဖြစ်ပေမယ့် ဒီဓာတ်ပုံဟာ ကြည့်ရှုသူ ၂ သန်းကျော်ရှိခဲ့ပြီး မှတ်ချက်ပေါင်း ၁ သောင်းလောက် ရှိခဲ့တာပါ။
ဒါဟာ သြစတြေးလျမျိုးစိတ် စပါးကြီးမြွေဖြစ်နိုင်ပြီး သူတို့ဟာ အရှည် ၇ မီတာ (၂၃ ပေ) လောက်ထိ ကြီးထွားနိုင်တယ်လို့ ဆိုပါတယ်။