နယူးယောက် မြေအောက်ရထားဘူတာအနီး ဖောက်ခွဲခဲ့သူကို ပြစ်မှု ၅ မှုဖြင့် တရားစွဲ

ဖောက်ခွဲမှုကျူးလွန်သူ အာခိုက်ယူလာ။ (ဓာတ်ပုံ - ရိုက်တာ)
နယူးယောက်မြို့ မြေအောက်ရထားဘူတာအနီးမှာ ဒီဇင်ဘာ ၁၁ ရက်နေ့က ဗုံးဖောက်ခွဲခဲ့တဲ့ အာခိုက်ယူလာ (Akayed Ullah) ကို အကြမ်းဖက်ပြစ်မှု ၅ မှုနဲ့ တရားစွဲလိုက်ပါတယ်။ အခုလို တရားစွဲဆိုမှုကို နယူးယောက်တောင်ပိုင်းခရိုင်ဆိုင်ရာ ယာယီဖက်ဒရယ်ရှေ့နေ ဂျွန်ကင်မ်က ဒီဇင်ဘာ ၁၂ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။ “ဒီနေ့မနက်မှာ ယူလာကို ဖက်ဒရယ်ပြစ်မှု ၅ မှုနဲ့ တရားစွဲခဲ့ပါတယ်။ ပထမပြစ်မှုက အိုင်အက်စ် အကြမ်းဖက်အဖွဲ့အစည်းကို ပစ္စည်းထောက်ပံ့မှုပါ။ ဒုတိယပြစ်မှုက IED လို့ခေါ်တဲ့ လက်လုပ်ဗုံး အသုံးပြုပြီး လူအမြောက်အမြားကို သတ်ရန် ကြိုးပမ်းမှုပါ။ တတိယပြစ်မှုက အများပြည်သူ အသုံးပြုတဲ့နေရာမှာ ဗုံးဖောက်ခွဲမှုပါ။ စတုတ္ထပြစ်မှုက ဖောက်ခွဲရေးပစ္စည်း အသုံးပြုပြီး ပြည်သူပိုင်နေရာတွေ ဖျက်ဆီးမှုပါ။ ပဉ္စမကတော့ အကြမ်းဖက်မှုကို အထောက်အပံ့ပြုတဲ့ လူနဲ့ အရာဝတ္ထုတွေကို ထိခိုက်ပျက်စီးစေတဲ့ ကိရိယာကို အသုံးပြုမှု ဖြစ်ပါတယ်။” ပြည်နယ်ပြစ်မှုတွေထက် ဦးစားပေး ပြစ်ဒဏ်ချမှတ်တဲ့ ဖက်ဒရယ်ပြစ်မှုတွေကို အများဆုံးပြစ်ဒဏ် တသက်တကျွန်းအထိ ချမှတ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up