Home
မြန်မာသတင်း
သထုံတရားရုံးတွင် ဧည့်တွေ့လာရောက်သည့် အမျိုးသမီးဆီမှ မူးယစ်ဆေးပြားများ ဖမ်းမိ
DVB
·
December 13, 2017
မွန်ပြည်နယ်၊ သထုံမြို့နယ်တရားရုံးသို့ ဧည့်တွေ့လာရောက်ခဲ့တဲ့ အမျိုးသမီးထံမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၅၀ ကျော်ကို သတင်းအရ ရှာဖွေဖမ်းဆီးရမိခဲ့တယ်လို့ သထုံမြို့မရဲစခန်းက သိရပါတယ်။ သထုံခရိုင် မှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ်အောင်သူက “ထောင်ထဲကို မူးယစ်ဆေးဝါးတွေကို တရားခံတွေကနေပြီး လျှို့ဝှက်သယ်နေတယ်ဆိုတာ ကျနော်တို့ သတင်းရထားလို့ စောင့်ကြည့်စုံစမ်းပြီး ဖမ်းဆီးရမိတာပါ။ ပြီးခဲ့တဲ့ ၃ လလောက်ကလည်း တကြိမ် ဖြစ်ဖူးပါတယ်။ ထောင်ထဲက အကျဉ်းသားကို အပြင်က ဧည့်တွေ့က မူးယစ်ဆေးဝါး လာပေးတယ်။ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေကလည်း သေချာစစ်ဆေးတော့ သွားတိုက်ဆေးဘူးထဲမှာ ဝှက်ပြီး သူတို့ လာပေးတာကိုတွေ့ပြီး အမှုဖွင့်ထားတာတွေလည်း ရှိပါတယ်" လို့ပြောပါတယ်။ သထုံခရိုင် မှုခင်းနှိမ်နင်းရေးဌာနမှ တပ်ဖွဲ့ဝင်တွေနဲ့ သထုံမြို့မရဲစခန်းက တာဝန်ရှိသူတွေ ဟာ သထုံမြို့နယ်တရားရုံးသို့ ဧည့်တွေ့လာရောက်တဲ့ သထုံမြို့၊ အောက်ကျင်း ရပ်ကွက်နေ မတင်တင်ဝင်း(၃၅-နှစ်)ကို မူးယစ်ဆေးဝါးသတင်းအရ သထုံမြို့နယ် မှုခင်းမှတ်တမ်းရုံးခန်းအတွင်း ခေါ်ယူ ရှာဖွေစစ်ဆေးခဲ့တာပါ။ စစ်ဆေးရာမှာ လက်ထဲမှာ ကိုင်လာတဲ့ ကွမ်းယာထုပ်အတွင်းမှ ကွမ်းယာတွေနဲ့ ရောပြီးထည့်လာတဲ့အပေါ်ကနေ ကွမ်းရွက်နဲ့ပတ်ပြီး အတွင်းမှ ခဲစက္ကူနဲ့ထုပ်ထားတဲ့ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၅၁ ပြားနဲ့အတူ အစိမ်းရောင် ၁ ပြား၊ စုစုပေါင်း စိတ်ကြွဆေးပြား ၅၂ ပြားနဲ့ ဆင်းကတ်ပါ Huawei အမျိုးအစား ရွှေအိုရောင် လက်ကိုင်ဖုန်းတလုံးတို့ကို သက်သေတွေရှေ့ ရှာဖွေပုံစံနဲ့ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။ စိတ်ကြွဆေးပြား လက်ဝယ်တွေ့ရှိသူ မတင်တင်ဝင်းကို သထုံမြို့မရဲစခန်းက မူးယစ်ဆေးသုံးစွဲပုဒ်မ ၁၅၊ ဖြန့်ဖြူးရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိမှု ပုဒ်မ ၁၉(က)နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း - ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024