မူးယစ်ဆေးဝါးရောင်းသည့် သြစတြေးလျနှင့် ထိုင်းစုံတွဲအား ဖမ်းဆီး

ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပြုလုပ်တဲ့ သြစတြေးလျနဲ့ ထိုင်းစုံတွဲကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
သူတို့ ၂ ဦးကို ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှာ ဒီဇင်ဘာ ၉ ရက်နေ့က ဖမ်းဆီးလိုက်တာပါ။
သူတို့ ၂ ဦးကို ၂၀၁၅ ခုနှစ်မှာ မက်သာဖက်တမင်းဆေးပြား ရောင်းဝယ်မှုနဲ့ သံသယရှိနေပြီး ရဲတပ်ဖွဲ့က အလိုရှိနေတာလည်း ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ် သြစတြေးလျနိုင်ငံသား လုကွတ်ခ်နဲ့ သူ့ရဲ့ဇနီး အသက် ၄၀ အရွယ် ကန်ရာရတ်ဝိချာပီတက်ခ်ဟာ ၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ချောင်ဘူရီပြည်နယ်မှာ ကင်းလှည့်ရေယာဉ် လာရောက်တာကို တွေ့ရှိခဲ့ပြီး ဆေးပြားတွေကို ပင်လယ်ထဲ သွန်ချခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
နောက်ပိုင်းမှာ ထိုင်းတာဝန်ရှိသူတွေဟာ ဘန်ကောက်မြို့ရဲ့ အရှေ့တောင်ဘက်က ရယောင်ကမ်းခြေမှာ မက်သာဖက်တမင်းဆေးပြား ၅၀ ဒသမ ၄၅ ကီလိုဂရမ်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာပါ။
အခုဖမ်းဆီးထားတဲ့ စုံတွဲ ၂ ဦးနဲ့အတူ သူတို့ပိုင်ဆိုင်တဲ့ တန်ဖိုးကြီးကား အပါအဝင် ထိုင်းဘတ်ငွေ သန်း ၃၀ (အမေရိကန်ဒေါ်လာ ၉ သိန်း ၂ သောင်း) ကိုလည်း ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပါတယ်။
အရှေ့တောင်အာရှနဲ့ အရှေ့အာရှနိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ မက်သာဖက်တမင်းဆေးပြား ဈေးကွက်အကြီးဆုံးဒေသလည်း ဖြစ်ပါတယ်။
အဲဒီဒေသမှာ ဖမ်းဆီးရမိတဲ့ ဆေးပြားပမာဏဟာ မြောက်အမေရိကတိုက်မှာ ဖမ်းဆီးရမိတဲ့ ပမာဏထက် ပိုတယ်လို့ ကုလသမဂ္ဂက ပြောကြားထားပါတယ်။