မီးတောင်ရှင်တလုံးအတွင်းဆင်းပြီး စွန့်စား ဓာတ်ပုံရိုက်ခဲ့သည့် အာဂအမျိုးသမီး (ရုပ်သံ)

သင်တို့အနေနဲ့ မီးတောင်ရှင်တလုံးအတွင်းမှာ ရှိနေခဲ့မယ်ဆိုရင် ဘယ်လိုများ ဖြစ်နေပါလိမ့်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဂျာမနီနိုင်ငံသူ ဓာတ်ပုံဆရာမ အူလာလိုမန်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစုစာလောက် ကာလအတွင်းမှာ ကမ္ဘာအနှံ့အပြားမှ မီးတောင်ရှင်တွေထဲမှ အံ့မခန်းဓာတ်ပုံတွေကို ရိုက်ကူးပြခဲ့တာပါ။ “ကျမ မီးတောင်အတွင်းပိုင်း မီတာ ၆၀၀ အနက်လောက်ထိ ဆင်းခဲ့ရတယ်။ ဒါက ကမ္ဘာမြေကြီးရဲ့ အသည်းနှလုံးလိုပဲပေါ့။ ကျမက ဥမင်လိုဏ်ခေါင်းတခုထဲ ပိတ်မိနေတာမျိုးပဲ။ ကျမဟာ အလွန့်အလွန်ကို သေးငယ်နေသလို ခံစားရတယ်ရှင့်။ အပေါ်ကို မော့ကြည့်လိုက်ရင် ကောင်းကင်ကို အရမ်းမြင့်တဲ့ နေရာဆီမှာ လှမ်းမြင်ရတယ်။” မီးတောင်ချော်ရည်ပူကန်အတွင်းပိုင်း တဖက်တည်းမှာတင် အပူချိန်ဟာ ၁၂၀၀ ဒီဂရီ စင်တီဂရိတ်ထိ ရှိနေခဲ့ပြီး ဆူပွက်နေကာ တကယ့်ကို အသက်ဝင်နေတယ်လို့ သူက ဆိုပါတယ်။ “သဘာဝတရားဟာ ကြီးကျယ်လွန်းတော့ ကျမကိုယ်ကျမ သေးငယ်သွားသလိုပဲ ခံစားရတယ်။ ဒါက ဖော်ပြရခက်တဲ့ တကယ့်ကို အံ့မခန်း ခံစားရတဲ့ ခံစားချက်တခုပါပဲ။” သူရပ်နေခဲ့တဲ့ မြေကမ္ဘာဟာ လှုပ်ရှားနေခဲ့တာမို့ တခါတခါဆိုရင် မတ်တပ်ရပ်ဖို့တောင် မလွယ်ကူဘူးလို့ ပြောပါတယ်။ မီးတောင် ချော်ရည်ပူကန်နဲ့ တော်တော့်ကို နီးနီးကပ်ကပ်ရှိနေခဲ့ပြီး ဓာတ်ပုံရိုက်ကူးရတဲ့ အလုပ်ဟာ အသက်တောင်မရှူဝံ့အောင် အံ့သြထိတ်လန့်စရာ ခံစားမှုမျိုးပါပဲ။ မီးတောင်ရှင်ရဲ့ အတွင်းပိုင်းက ထွက်ပေါ်နေတဲ့ အသံတွေကရော ဘယ်လိုများ ဖြစ်မှာပါလဲ။ “ထိခိုက်လှုပ်ရှားသံတွေ၊ မိုးကြိုးလျှပ်စီးသံတွေလိုမျိုး၊ အိုးတလုံးထဲမှာ ဆူပွက်နေတဲ့ အသံတွေလို၊ အကြိမ်ရေ ရာချီ ပိုပိုကျယ်လာတာမျိုးပါပဲ” လို့ အူလာလိုမန်က ဆိုပါတယ်။ ဘီဘီစီသတင်းမှာ ဖော်ပြတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မီးတောင်ရှင်တလုံးအတွင်းမှာ တွေ့ကြုံခံစားရပုံတွေကို ရိုက်ကူးတင်ဆက်ထားခဲ့တာ ဖြစ်ပါတယ်။

//
More News
Up