A d v e r t i s e m e n t With Us

အင်ဒိုနီးရှားတွင် ဆုံဆို့နာ ကူးစက်ပြန့်ပွားနေ၍ ကာကွယ်ဆေးထိုးပေး

ဓာတ်ပုံ - ရိုက်တာ
အင်ဒိုနီးရှားနိုင်ငံမှာ ဆုံဆို့နာ ကူးစက်ပြန့်ပွားနေလို့ ဒီဇင်ဘာ ၁၁ ရက်က စပြီး အသက် ၁၉ နှစ်အောက် ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကို ကာကွယ်ဆေး ထိုးပေးနေပါတယ်။ ကမ္ဘာ့လေးခုမြောက် လူအသိပ်သည်းဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ ဒီနှစ်အတွင်း ဆုံဆို့နာကြောင့် သေဆုံးသူ ၃၂ ဦး ရှိနေပါပြီ။ ဇန်နဝါရီလက စပြီး ကူးစက်ခံရသူ အနည်းဆုံး ၅၉၁ ဦးရှိပြီး မနှစ်ကထက် ၄၂ ရာခိုင်နှုန်း တိုးလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဆုံဆို့နာဟာ ဘက်တီးရီးယားကနေတဆင့် ကူးစက်ကာ ကိုယ်ကာယအချင်းချင်း နီးနီးကပ်ကပ် ထိတွေ့မှုကရော လေကတဆင့်ပါ ကူးစက်နိုင်ပြီး ကူးစက်ခံရရင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေက ဖျားတာ၊ လည်ချောင်းနာတာ ဖြစ်ပြီး အသက်ရှူလမ်းကြောင်း ပိတ်ဆို့တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဆုံဆို့နာကူးစက်မှုဟာ ကျန်ခဲ့တဲ့ နှစ် ၃၀ အတွင်း တကမ္ဘာလုံးအဆင့် ကူးစက်မှု လျော့ကျခဲ့ပေမယ့် အင်ဒိုနီးရှားနိုင်ငံဟာ အိန္ဒိယနဲ့ တခြား ဆာဟာရကန္တာရတောင်ပိုင်း အာဖရိက နိုင်ငံတွေနဲ့အတူ ဆုံဆို့နာဖြစ်ပွားမှု ကမ္ဘာ့အမြင့်ဆုံး နိုင်ငံတွေထဲမှာ ပါပါတယ်။ တချို့နိုင်ငံသားတွေက ကာကွယ်ဆေးထဲမှာ ဝက်ရဲ့မျိုးဗီဇပါမှာ စိုးရိမ်ပြီး သူတို့ကလေးတွေကို ကာကွယ်ဆေးထိုးပေးဖို့ ငြင်းဆန်နေပါတယ်။ ကျန်းမာရေးဝန်ကြီးကတော့ ကာကွယ်ဆေးတွေထဲမှာ အစ္စလာမ်ဘာသာက ဟန့်တားထားတဲ့ပစ္စည်းတွေ မပါတာ သေချာတယ်လို့ ကာကွယ်ဆေးထိုးနှံရေး ဆေးခန်းမှာ ဒီဇင်ဘာ ၁၁ ရက်နေ့က အာမခံပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up