ဂျေရုဆလင်သည် အစ္စရေး၊ ပါလက်စတိုင်း နှစ်ဖက်စလုံး၏ မြို့တော်ဖြစ်ဟု အီးယူ ပြော

ဂျေရုဆလင်ဟာ အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ဖက်စလုံးရဲ့ မြို့တော်ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဥရောပသမဂ္ဂ (အီးယူ) က ပြောကြားသွားပါတယ်။
ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတ်မှတ်လိုက်ခြင်းကို ဥရောပသမဂ္ဂက လက်မခံဘူးလို့လည်း ဥရောသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ဖီဒယ်ရီကာ မိုဂယ်ရီနီက ပြောကြားသွားပါတယ်။
“ကျမတို့ယုံကြည်ထားတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ လက်တွေ့ကျတဲ့ တခုတည်းသောအဖြေက ဂျေရုဆလင်ဟာ နှစ်ဖက်စလုံးရဲ့ မြို့တော်အဖြစ် နှစ်နိုင်ငံတည်ရှိမှုပါ။ ဥရောပသမဂ္ဂအနေနဲ့ တခြား နိုင်ငံတကာမိတ်ဆွေတွေ၊ မိတ်ဘက်နိုင်ငံတွေနဲ့ လက်တွဲပြီး တိုးမြှင့် အလုပ်လုပ်သွားမှာဖြစ်သလို အရှေ့အလယ်ပိုင်းဒေသတွင်းက အီဂျစ်၊ ဂျော်ဒန်ကအစ အစ္စရေး၊ ပါလက်စတိုင်းအထိ မိတ်ဆွေတွေ၊ မိတ်ဘက်နိုင်ငံတွေနဲ့ လက်တွဲအလုပ်လုပ်သွားမှာပါ။”
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ဥရောပသမဂ္ဂက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို ရောက်ရှိနေတာလည်းဖြစ်ပါတယ်။
သူ့ရဲ့ အခုခရီးစဉ်ဟာ နှစ်ပေါင်း ၂၂ နှစ်အတွင်း ဥရောပသမဂ္ဂကို ပထမဆုံး အလည်အပတ်ခရီးသွားရောက်တဲ့ အစ္စရေး အစိုးရတာဝန်ရှိသူတဦးရဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။