သိမ်းဆည်းခံမြေယာများနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းလွှတ်တော်တွင် မေးခွန်းထုတ်
Aung Ko Latt
·
December 12, 2017
စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေးကော်မတီအနေနဲ့ သိမ်းဆည်းမြေ၊ အငြင်းပွားမြေတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ အနေအထားကို ဒီနေ့ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ ဒီပဲယင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမင်းဝင်းက မေးမြန်းခဲ့ပါတယ်။
“အောက်ခြေမှာမြေပြဿနာဖြစ်ပွားနေတဲ့ ကာယကံရှင်တောင်သူတွေက သူတို့ရဲ့ အမှုတွေနဲ့ပတ်သက်ပြီး လေ့လာတော့ မြို့နယ်မြေပြန်စစ်မှာပါတဲ့သူ တစ်ယောက်အနေနဲ့ ဘာတစ်ခု ပြန်မပြောတတ်ဘူး။ နောက်ပြီး သိမ်းဆည်းတယ်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ကိုက်ညီပါရဲ့နဲ့ လယ်စီကိုပြန်ချပြီးတော့ ဆုံးဖြတ်ခံနေရတာတွေက ပြည်သူမှာလည်း လက်မခံနိုင်ဘူး။ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့လည်း ဒါက အစစ်အမှန်နဲ့ကွဲလွဲတယ်ဆိုတာ တွေ့နေရတယ်။ ဒါကြောင့်မေးမြန်းရတာပါ။ မေးခွန်းနဲ့ဖြေတာတွေကတော့ တခြားစီပါပဲ”လို့ ဦးမိုးမင်းဝင်းက ဒီဗွီဘီကိုပြောပါတယ်။
ဗဟိုမြေပြန်စစ်မှာ ဒုသမ္မတက ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံတောင်သူကိုယ်စားလှယ်တွေနဲ့ ကော်မတီ အဆင့်ဆင့်ဖွဲ့စည်းထားတာပါ။
ရပ်/ကျေးကနေ မြို့နယ်၊ ခရိုင်အဆင့်ဆင့် သေချာစိစစ်ပြီး သိမ်းဆည်းမြေမှန်ကန်ကြောင်း မူဝါဒနဲ့အညီ မူလပိုင်ရှင်သို့ပြန်ပေးသင့်ကြောင်း အသဘောထားမှတ်ချက်ပြုတင်ပြခဲ့ပေမယ့် တိုင်းမြေပြန်စစ်ကနေ အချို့အမှုတွေကို မြေယာအငြင်းပွားမှုအဖြစ် သုံးသပ်ပြီး သက်ဆိုင်ရာ လယ်/စီအဆင့်ဆင့်ကို ပြန်လည်လွှဲအပ်နေတာတွေလည်း ရှိနေတာပါ။
ဒါ့အပြင် တိုင်းမြေပြန်စစ်က ဆုံးဖြတ်ချက်၊ သဘောထားမှတ်ချက်တွေကို ပြန်ပို့ရာမှာ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်၊ တောင်သူကိုယ်စားလှယ်တွေမသိရဘဲ ဝန်ထမ်းတွေကပဲ တင်ပြတိုင်ကြားသူတွေကို တိုက်ရိုက် ခေါ်ယူရှင်းပြနေတာတွေလည်းရှိနေပါတယ်။
သိမ်းဆည်းမြေနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီသိမ်းခဲ့တာမဟုတ်ရင် မြေသိမ်းဥပဒေနဲ့ မညီညွတ်ရင် မူလပိုင်ရှင်ကို ပြန်ပေးရန်၊ ပြန်မပေးနိုင်ပါက လျော်ကြေး၊ နစ်နာကြေးပေးရန်ဆိုပြီး ညွှန်ကြားချက်တွေရှိပါတယ်။
ဒါပေမယ့် အစိုးရကသိမ်းတာမဟုတ်တဲ့အချို့နေရာတွေမှာ သိမ်းတဲ့သူ၊ အဖွဲ့အစည်းတွေဆီက သဘောထားတောင်းခံနေတာတွေလည်း ရှိနေတဲ့အတွက် တိုင်းမြေပြန်စစ်ကနေ အောက်ခြေလယ်/စီအဆင့်ဆင့်ကို ပြန်ညွှန်ကြားနေရတဲ့ အကြောင်း အရင်းနဲ့ အမှုအရေအတွက်၊ မြေပြန်စစ်အဖွဲ့ဝင်တွေမသိဘဲ တိုင်ကြားသူကိုခေါ်ယူရှင်းပြနေတာ လမ်းညွှန်ချက်နဲ့ညီမညီ၊ အစိုးရမဟုတ်တဲ့ အခြားသိမ်းယူသူ လူ၊ အဖွဲ့အစည်းတွေကနေ သေဘာထားတောင်းခံနေတာ မူဝါဒနဲ့ညီမညီ စတာတွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တာပါ။
မေးခွန်းနဲ့ပတ်သက်ပြီး လွှတ်တော်မှာ စိုက်/မွေး/ဆည်မြောင်းဝန်ကြီးအစား စည်ပင် ၀န်ကြီးက မြေပြန်စစ်ဖွဲ့စည်းပုံအဆင့်ဆင့်နဲ့ လုပ်ဆောင်မှုအချို့ကိုသာ ပြန်လည်ဖြေကြားခဲ့ပါ တယ်။