တရုတ်တွင် ၁၆ ထပ်အမြင့်ရှိ အာရှအမြင့်ဆုံး ဗုဒ္ဓဘုရားကျောင်း မီးလောင် (ရုပ်သံ)

1.7K
တရုတ်နိုင်ငံမှာ ၁၆ ထပ်အမြင့်ရှိတဲ့ အာရှအမြင့်ဆုံး ဗုဒ္ဓဘာသာ သစ်သားဘုရားကျောင်း တကျောင်းဟာ မီးအကြီးအကျယ်လောင်ကျွမ်းပြီး ပျက်စီးသွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ဒီဇင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းက နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ခရိုင်ထဲမှာ ဖြစ်ခဲ့တာလို့ ချန်နယ်နယူးစ်အေးရှား သတင်းမှာ ဖော်ပြပါတယ်။
လင်ဂွမ်းမျှော်စင်လို့လည်း သိကြတဲ့ ဒီဘုရားကျောင်းဟာ အာရှဒေသရဲ့ အမြင့်ဆုံး ဗုဒ္ဓဘာသာဘုရားကျောင်းဖြစ်ပြီး နေ့လယ် ၁၂း၄၀ နာရီလောက်က မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားတာပါ။
အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေထဲမှာတော့ ဆုတောင်းခန်းမပါဝင်တဲ့ အဆောက်အအုံကြီးဟာ မီးတောက်တွေကြား ဝါးမျိုလောင်ကျွမ်းခံနေရတာကို တွေ့ရပါတယ်။
တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာတော့ အဆောက်အအုံတွင်းမှ နဂါး ၉ ကောင် ဘုန်းကြီးကျောင်းရဲ့ အဓိကခန်းမကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
မီးလောင်တဲ့အချိန်မှာ လေတိုက်နှုန်းများတဲ့အတွက် မီးက ဘုရားနဲ့ ခန်းမကို အမြန်ကူးစက်လောင်ကျွမ်းသွားကာ အဆောက်အအုံရဲ့ ၈၀၀ စတုရန်းမီတာကျော်လောက် မီးလောင်ကျွမ်းခဲ့ပြီး ညနေ ၄ နာရီခွဲ ဝန်းကျင်လောက်မှာမှ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒီဘုရားကျောင်းဟာ ၂၀၀၈ ခုနှစ် မေလက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ၁၆ ရာစု မူလလက်ရာတွေ ပျက်စီးခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ ပြန်လည်ပြုပြင်မွမ်းမံခဲ့ရတာပါ။
မီးလောင်မှုမှာ ထိခိုက်ဒဏ်ရာ ရရှိသူတွေ မရှိခဲ့ပေမယ့် ဘာကြောင့်မီးလောင်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ ရဲတွေက စုံစမ်းရှာဖွေနေကြပါတယ်။