ကနီမြို့ အထကကျောင်းတွင်ရိုက်ပွဲဖြစ်၊ ကျောင်းသားအချို့ ဆေးရုံရောက်
DVB
·
December 12, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းထဲမှာ ဒီဇင်ဘာ ၁၁ ရက်နေ့၊ နေ့လယ်ကျောင်းဆင်းချိန်မှာ ရိုက်ပွဲဖြစ်ပွားခဲ့လို့ ကျောင်းသားအချို့ ဒဏ်ရာရကာ ဆေးရုံမှာဆေးကုသမှုခံယူနေရပါတယ်။
လွန်ခဲ့တဲ့ ၂ ပတ်လောက်က ခိုက်ရန်ဖြစ်ပွားခဲ့တာကို ကျောင်းအုပ်ကြီးက ရုံးခန်းသို့ ကျောင်းသားတွေရော၊ မိဘတွေပါ ခေါ်ယူသတိပေးဆုံးမခဲ့တာကို မကျေနပ်တာကြောင့် ရိုက်ပွဲထပ် ဖြစ်ရတာလို့ သိရပါတယ်။
ကနီမြို့၊ အမှတ် ၃ ရပ်ကွက်ရှိ အလင်းရောင်စာသင်ဝိုင်းက ကြီးကြပ်ဆရာတွေဖြစ်တဲ့ ဦးရဲမင်းဇော်၊ ဦးကျော်ဇင်ဦးတို့ပါဝင်တဲ့ ၁၀ တန်းကျောင်းသား ၁၈ ယောက်နဲ့ ၉ တန်း ကျောင်းသား ၃ ယောက်တို့က နေ့လယ်ကျောင်းဆင်းချိန်မှာ သံပိုက်၊ တုတ်တွေကိုယ်စီ ကိုင်ဆောင်ပြီး ကျောင်းဝင်းအတွင်းကိုဝင်ကာ ၉ တန်းဆောင်နှင့် ၁၀ တန်းဆောင်အကြား မြေကွက်လပ်မှာ ရန်ဖြစ်ခဲ့ဖူးတဲ့ကျောင်းသားတွေကို အသင့်ပါလာတဲ့ တုတ်တွေနဲ့ ရိုက်နှက်ခဲ့တာပါ။
သက်ဆိုင်ရာကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမတွေက တားမြစ်ပေမယ့် နာခံမှုမရှိဘဲ မချေမငံပြောဆိုကာ ဆက်လက်ရိုက်နှက်တာကြောင့် ၉တန်းနဲ့ ၁၀တန်း ကျောင်းသားအချို့ဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။
အခုလိုကျောင်းဝင်းအတွင်း ဝင်ရောက်ရိုက်နှက်ခဲ့တာနဲ့ပတ်သက်ပြီး ကနီမြို့ အထက်တန်းကျောင်းအုပ်ကြီး ဦးမျိုးဆန်းလင်းက တရားလိုပြုလုပ်ကာ ကိုယ်ထိလက်ရောက် ပြစ်မှုကျုးလွန်ခဲ့တဲ့ အလင်းရောင်စာသင်ဝိုင်းက ကြီးကြပ်ဆရာ ၂ ဦးနဲ့ ကျောင်းသား ၂၁ ယောက်တို့ကို ကနီမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅/၃၅၁/၁၁၄ တို့အရ အမှုဖွင့်ထားပါတယ်။