ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို လေ့လာခြင်း
DVB
·
April 19, 2012
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေ တဖြည်းဖြည်း ပုံဖော်လာခဲ့တာ တနှစ်ကျော်လာပါပြီ။ ရလဒ်တချို့ကိုလည်း မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာက မြင်တွေ့နေရပါပြီ။
နိုင်ငံရေးအရ အရေးပါတဲ့ တိုးတက်မှုတခုအဖြစ် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ် အားလုံး နီးပါး အနိုင်ရခဲ့ပါတယ်။ နောက်ထပ် ထူးခြားမှုတခုက ဆယ်စုနှစ်ပေါင်းများစွာ မြန်မာ့စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့တဲ့ မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကို ဈေးကွက်ပေါက်ဈေးနဲ့အညီ နှုန်းရှင် သတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။
အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အပေါ် ပြည်သူတွေ နားလည်နိုင်တာ ရှိသလို နားလည်ဖို့ ခက်တာတွေလည်း အများအပြား ရှိနေပါလိမ့်မယ်။ နားလည်ဖို့ ခက်ခဲတဲ့အရာတွေထဲမှာ ပြည်ထောင်စုလွှတ်တော်ကနေ ဆက်တိုက်ဆိုသလို အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအသစ်တွေက ထိပ်ဆုံးက ပါနေပါတယ်။
ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ်တိုင်းဟာ ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို ဘယ်လို သက်ရောက် လွှမ်းမိုးနိုင်သလဲဆိုတာ သာမန် ပြည်သူတယောက်အတွက် ခန့်မှန်းရခက်တဲ့ ကိစ္စပါ။ ဥပဒေသစ်တွေကိုသာ ပြဋ္ဌာန်းနေပြီး နည်းဥပဒေတွေ မပြဋ္ဌာန်းသေးတဲ့အတွက် ဥပဒေကို အကောင်အထည်ဖော်မယ့် အသေးစိတ် အချက်အလက်တွေဟာ မြှုပ်ကွက်လို ဖြစ်နေပါတယ်။ ဒါကြောင့် သက်ရောက်မှုနယ်ပယ်နဲ့ အတိုင်းအတာကို သိဖို့ အချိန်ယူရပါလိမ့်မယ်။
ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်နေတဲ့ သမ္မတ ဦးသိန်းစိန်ရော မကြာသေးခင်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံလိုက်ရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရော တရားဥပဒေစိုးမိုးရေး (Rule of Law) အရေးကြီးကြောင်း ပြောခဲ့ကြပါတယ်။ တရားဥပဒေစိုးမိုးရေးဟာ နိုင်ငံတိုင်းမှာ အစဉ်တစိုက် ဦးစားပေးဆောင်ရွက်နေရတဲ့ လုပ်ငန်းရပ် ဖြစ်ပါတယ်။
ခေါင်းဆောင်နှစ်ဦးရဲ့ စိတ်ဆန္ဒကို သိရတဲ့ နိုင်ငံသားတဦးအနေနဲ့ ဥပဒေသစ်တွေဟာ တရားဥပဒေစိုးမိုးရေးကို အမှန်တကယ် အထောက်အကူ ပြုနိုင်သလားဆိုတာ သိချင်စရာပါ။ နောက်ပြီး တရားဥပဒေစိုးမိုးရေးကို လက်တွေ့ကျကျ ဘယ်လို အကောင်အထည်ဖော်လို့ရမလဲ ဆိုတာကလည်း စဉ်းစားစရာပါ။
တရားစီရင်ရေးဟာ ဘက်မလိုက်ဘဲ လွတ်လပ်မျှတမှသာ တရားဥပဒေ စိုးမိုးရေး ဖြစ်ထွန်းရှင်သန်မယ်လို့ ယေဘုယျ လက်ခံထားပါတယ်။ ဒါပေမယ့် တရားဥပဒေစိုးမိုးရေး ဖြစ်ထွန်းဖို့ တရားစီရင်ရေးနယ်ပယ် လွတ်လပ်မျှတမှုရှိရုံနဲ့ မလုံလောက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတခုကို ပြဋ္ဌာန်းခဲ့ရင် အဲ့ဒီဥပဒေကို အကောင်အထည် ဖော်ရတဲ့ တရားစီရင်ရေး စနစ်ကလည်း ဖိနှိပ်တဲ့ တရားစီရင်ရေးဆီ ဦးတည်သွားလို့ ဖြစ်ပါတယ်။
ဒီတော့ အစိုးရက ရေးဆွဲပြီး လွှတ်တော်ကပြဌာန်းခဲ့တဲ့ ဥပဒေသစ်တွေ ကိုယ်တိုင်က ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ဘဝလုံခြုံမှုကို အမှန်တကယ် အကာအကွယ်ပေးဖို့ ဦးတည်ရေးဆွဲခဲ့တာလား၊ ဒါမှမဟုတ် အုပ်ချုပ်သူ မင်းအစိုးရတွေအတွက် ဦးတည်ရေးဆွဲခဲ့သလား ဆိုတာကို နိုင်ငံသားတိုင်း လေ့လာသင့်ပါတယ်။ ဒီလို လုပ်တာဟာ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်မှာ နိုင်ငံသားတွေကိုယ်တိုင် ပါဝင်ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။
ပထမဆုံး လေ့လာဖြစ်တဲ့ဥပဒေက မတ်လ ၃၀ ရက်စွဲနဲ့ ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းလိုက်ပြီး နိုင်ငံတော် သမ္မတဦးသိန်းစိန်မှ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ “ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ” ဖြစ်ပါတယ်။ ဒီဥပဒေဟာ မြန်မာနိုင်ငံမှာ ယခင်အစိုးရအဆက်ဆက်က ပြဋ္ဌာန်းခဲ့ခြင်းမရှိတဲ့ ဥပဒေအသစ် ဖြစ်ပါတယ်။
ဒီဥပဒေကို ရေးဆွဲတဲ့နေရာမှာ အစိုးရကိုဗဟိုပြုတဲ့ အယူအဆ (State-centered concept)နဲ့ ရေးဆွဲခဲ့သလား ပြည်သူကို ဗဟိုပြုတဲ့အယူအဆ (People-centered concept) နဲ့ ရေးဆွဲခဲ့သလားဆိုတာ အဓိက လေ့လာမိပါတယ်။ ဒီဥပဒေဟာ အုပ်ချုပ်သူအစိုးရကို အကာကွယ်ပေးတဲ့ ဥပဒေလား။ အုပ်ချုပ်ခံပြည်သူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေလား။
အခန်း ၁၄ ခန်းပါတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေမှာ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မဖြစ်အောင် ထိန်းသိမ်းရေး အစီအမံတွေ အတော်များများ ထည့်သွင်းထားပါတယ်။ ဒါပေမယ့် ဥပဒေ တခုလုံးကို အုပ်ချုပ်ရေးအာဏာနဲ့ ထိန်းချုပ်ထားနိုင်တဲ့ အချက်တချို့ကို နောက်ဆုံးအခန်း ၁၄ “အထွေထွေ”မှာ ထည့်သွင်းထားပါတယ်။ အဲ့ဒီအချက်တွေက ပုဒ်မ ၃၅ နဲ့ ပုဒ်မ ၃၆ ဖြစ်ပါတယ်။
“ဤဥပဒေအရ ပြစ်မှုကျူးလွန်သူကို တရားစွဲဆိုရာတွင် ဝန်းကြီးဌာန၏ ကြိုတင်ခွင့်ပြုမိန့် ရယူရမည်”လို့ ပုဒ်မ ၃၅ မှာ ဆိုထားပြီး ပုဒ်မ ၃၆ မှာတော့ “ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အစိုးရဌာန အဖွဲ့အစည်းနှင့် ပုဂ္ဂလိကလုပ်ငန်းတခုခုအား နိုင်ငံတော်နှင့် ပြည်သူ့အကျိုးငှာ ဤဥပဒေပါ ပြဋ္ဌာန်းချက်တရပ်ရပ်ကို လိုက်နာဆောင်ရွက်ရခြင်းမှ ကင်းလွတ်ခွင့် သို့မဟုတ် လျှော့ပေါ့ခွင့်ပြုနိုင်သည်”လို့ ဆိုထားပါတယ်။
သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုကလွဲရင် လူကြောင့်ဖြစ်ပွားရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ ပေါ်ပေါက်လာတဲ့အခါ တိုက်ရိုက်ခံစားရသူက ပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြစ်မှုကျူးလွန်သူ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်း (အစိုးရဖြစ်စေ၊ ပုဂ္ဂလိကဖြစ်စေ) တခုခုကို နစ်နာဆုံးရှုံးမှု ချက်ချင်း လက်ငင်းခံစားရတဲ့ နိုင်ငံသားတွေက သက်ဆိုင် ရာတရားရုံးတခုခုမှာ တရားစွဲဆိုပြီး တရားစီရင်ရေးစနစ်ရဲ့ အကာအကွယ်ကို တိုက်ရိုက်ရယူပိုင်ခွင့်မရှိအောင် ပုဒ်မ ၃၅ အရ ကန့်သတ်ထားတယ်လို့ မြင်မိပါတယ်။
ဒါ့အပြင် ဥပဒေကို အကောင်အထည်ဖော်ရာမှာ ပုဒ်မ ၃၆ အရ အုပ်ချုပ်ရေး အာဏာက တရားစီရင်ရေးအာဏာကို လွှမ်းမိုးခွင့် ပေးထားပါတယ်။ ဒါပေမယ့် “နိုင်ငံတော်နဲ့ပြည်သူ့အကျိုးငှာ” ဆိုတဲ့စကားရပ်နဲ့ ပြည်ထောင်စုအစိုးရရဲ့ “ကင်းလွတ်ခွင့် သို့မဟုတ် လျှော့ပေါ့ခွင့်” ဆိုတဲ့ အခွင့်အာဏာကို ကန့်သတ် ပေးထားတာ တွေ့ရပါတယ်။
“နိုင်ငံတော်နဲ့ပြည်သူ့အကျိုးငှာ” ဆိုတဲ့ စကားရပ်ကို ဥပဒေတွေမှာ မကြာခဏ တွေ့ရတတ်ပါတယ်။ သည်စကားရပ်တွေဟာ အာဏာရှိသူတို့ လိုရာသုံးနိုင်တဲ့ စကားရပ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီစကားရပ်ရဲ့ အနက်အဓိပ္ပာယ်နဲ့ အကျယ်အဝန်းကို ပြည်သူတွေ တိတိကျကျ သိရှိနားလည်အောင် ဥပဒေဆိုင်ရာ ဖွင့်ဆိုချက် လိုအပ်နေပါတယ်။ “နိုင်ငံတော်” ဆိုတဲ့ဝေါဟာရကိုလည်း လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ဝင်တွေအားလုံးက “အစိုးရ”လို့ နားလည်ထားကြပါတယ်။ တကယ်တော့ နိုင်ငံတော်နဲ့ အစိုးရ မတူပါဘူး။
ဒီနေရာမှာ မေးသင့်တဲ့မေးခွန်းတခုက အစိုးရတရပ်ရဲ့ အကျိုးစီးပွားဟာ ပြည်သူ့အကျိုးစီးပွားအဖြစ် အစဉ်အမြဲ ထပ်တူကျနိုင်ပါသလား။ မြစ်ဆုံဆည်စီမံကိန်းဟာ အစိုးရနဲ့ ပြည်သူ အကျိုးစီးပွားထပ်တူမကျခဲ့လို့ ဖြစ်ခဲ့ရတဲ့ ပြဿနာ ဖြစ်ပါတယ်။ အနာဂတ် တရားစီရင်ရေးမှာ ပြည်သူက အစိုးရကိုဖြစ်စေ၊ အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေကို ဖြစ်စေ တရားစွဲလာမှာကို ကာကွယ်တဲ့အနေနဲ့ ပုဒ်မ ၃၅ နဲ့ ၃၆ တို့ကို ထည့်သွင်းထားတာလို့ တွက်ဆမိပါတယ်။
ဒုတိယလေ့လာမိတဲ့အချက်က ဒီဥပဒေဟာ စစ်အစိုးရလက်ထက်က ပြည်တွင်းပြည်ပ စီးပွားရေးကုမ္ပဏီကြီးတွေနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး လက်ရှိ အကောင်အထည်ဖော်နေတဲ့ စီးပွားရေးစီမံကိန်း အမျိုးမျိုးအပေါ် နောက်ကြောင်းပြန် သက်ရောက်မှုရှိမှာလား။ အဲ့ဒီအချိန်က စီးပွားရေးစာချုပ်တွေကို အခု အသစ်ပြဋ္ဌာန်းလိုက်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနဲ့ ညီညွတ်မှုရှိမရှိ ပြန်လည်သုံးသပ်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရမယ့် စည်းကမ်းချက်တွေ ထပ်မံ ဖြည့်စွက် ပြင်ဆင်ချုပ်ဆိုမှာလား။
ဒီဥပဒေရဲ့ အခန်း (၄) ပုဒ်မ (၇/ဍ) တွင် “အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တဦးဦးက ပြုလုပ်မည့် စီမံချက် သို့မဟုတ် လုပ်ဆောင်မှုသည် ပတ်ဝန်းကျင်ကို သိသာထင်ရှားစွာ ထိခိုက်စေနိုင်ခြင်းရှိမရှိနှင့် စပ်လျဉ်း၍ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်သည့်စနစ်နှင့် လူမှုရေးထိခိုက်မှု ဆန်းစစ်သည့် စနစ်တစ်ရပ်ကို ချမှတ် ဆောင်ရွက်ခြင်း”လို့ ထည့်သွင်းထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အစိုးရကဖြစ်စေ၊ ပုဂ္ဂလိက ကဖြစ်စေ အကောင်အထည်ဖော် ဆောင်ရွက်ကြမယ့် စီးပွားရေးလုပ်ငန်း အမျိုးအစားအလိုက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက် EIA နဲ့ လူမှုရေးထိခိုက်မှု ဆန်းစစ်ချက် SIA တွေကို နောက်ပိုင်း ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် လတ်တလော ဥပဒေသာ ထွက်ရှိလာပြီး နည်းဥပဒေ မရှိသေးတဲ့အတွက် EIA နဲ့ SIA ဆောင်ရွက်ရမယ့် နည်းဥပဒေအဆင့်ဆင့်ဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ ဘယ်လောက် ကိုက်ညီမှုရှိမလဲဆိုတာ မသိနိုင်သေးပါဘူး။ အဲ့ဒီအပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေနဲ့ ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဥပဒေပါအတိုင်း လိုအပ်တဲ့ စံနှုန်းတွေ သတ်မှတ်ချက်ဖို့၊ လေ့လာစောင့်ကြပ်စစ်ဆေးမယ့် ဌာနဖွဲ့စည်းဖို့၊ ကျွမ်းကျင် ပညာရှင်တွေနဲ့ အဆင့်မြင့် နည်းပညာသုံး ပစ္စည်းကရိယာတွေကအစ စွမ်းရည် မြှင့်တင်မှုဆိုင်ရာ လုပ်ငန်းတွေ အများအပြားဆောင်ရွက်ဖို့ ရှိနေသေးတာကြောင့် ဥပဒေစိုးမိုးရေးအတွက် အချိန်ယူရဦးမှာ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ တဖက်မှာ တိုင်းပြည်စီးပွားရေး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုတွေကို အကြီးအကျယ် လုပ်ဆောင်နေရာမှာ စက်မှုဖွံ့ဖြိုးရေး (Industrialization) စီမံကိန်းကြီးများ ရေးဆွဲ အကောင်အထည်ဖော်နေသလို တဖက်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားကြောင်း ပြသတဲ့အနေနဲ့ မြစ်ဆုံဆည်စီမံကိန်း တည်ဆောက်မှုကို ဆိုင်းငံ့လိုက်ပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်မှာ မီဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မယ့် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရေး အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
တကယ်တော့ စိုက်ပျိုးရေး နိုင်ငံတခုကနေ စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံအဖြစ် ပြောင်းလဲဖို့ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမရှိဘဲ လုပ်ဆောင်နိုင်ငံတဲ့ နိုင်ငံ ကမ္ဘာမှာ မရှိသေးပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားတဲ့ အစိုးရတရပ် လက်အောက်မှာတော့ မလိုလားအပ်တဲ့ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့ပါးစေတဲ့ စီမံကိန်းတွေရေးဆွဲ အကောင်အထည်ဖော်တာမျိုးတော့ လုပ်နိုင်ပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လုံး စစ်အုပ်ချုပ်ရေးခေတ် မြန်မာနိုင်ငံမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ မပြဋ္ဌာန်းခဲ့ဘဲ ဈေးကွက်စီးပွားရေး တံခါးဖွင့်ခဲ့တာကြောင့် စီးပွားရေးအကျိုးအမြတ် တခုတည်း ကြည့်တတ်တဲ့ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းတွေက နိုင်ငံရဲ့ အဖိုးတန်သစ်တောတွေနဲ့ သယံဇာတ ဓာတ်သတ္တုတွေကို စည်းကမ်းမဲ့ ထုတ်ယူခဲ့ကြလို့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ နိုင်ငံအနှံ့ဖြစ်နေပါပြီ။ ဘယ်လောက် အတိုင်းအတာအထိ ပျက်စီးနေသလဲ ဆိုတာကို စနစ်တကျ ဆန်းစစ်လေ့လာတာမျိုးတော့ ဒီနေ့အထိ မရှိသေးပါဘူး။
သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ နိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ သဘာဝဝန်းကျင် ထိခိုက်ပျက်စီးမှုကို ဒီဥပဒေအရ ဘယ်လို ထိန်းသိမ်းမှာလဲ။ ဒါအပြင် အစိုးရရဲ့ ဦးစားပေးစီးပွားရေးမူဝါဒဖြစ်တဲ့ စက်မှုဖွံ့ဖြိုးရေးအတွက် ထားဝယ်၊ ကျောက်ဖြူနဲ့ သီလဝါတို့လို အထူးစီးပွားရေးဇုန်စီမံကိန်းကြီးတွေကို အကောင်အထည် ဖော်နေတဲ့နေရာမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ပြဿနာသစ်တွေ ထပ်မတွေ့ရအောင် ဒီဥပဒေက လက်တွေ့ကျကျ ဘယ်လို ကာကွယ်တားဆီးနိုင်မလဲ။
တကယ်တော့ နိုင်ငံတကာလှည့်ပတ်ပြီး ရင်းနှီးမြှုပ်နှံမှု ဈေးကွက်သစ်တွေ ရှာဖွေနေတဲ့ စက်မှုလုပ်ငန်းကြီးတွေဟာ ဥပဒေစည်းမျဉ်းတွေ နည်းနိုင်သမျှ နည်းတဲ့ နေရာတွေမှာပဲ ရင်းနှီးမြှုပ်နှံချင်ကြပါတယ်။ ပတ်ဝန်းကျင်ကို တစုံတရာ ထိခိုက်ပျက်စီးမှ စီးပွားရေးလုပ်ကိုင်လို့ရမယ့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအတွက် မြန်မာနိုင်ငံဟာ ၎င်းတို့ရဲ့ စီးပွားရေးစားကျက် ဖြစ်လာတော့မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ နောက်ဆုံးဈေးကွက် ဖြစ်နေလို့ပါပဲ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို ဟန်ပြသဘောမဟုတ်ဘဲ အမှန်တကယ်ဖော်ဆောင်ဖို့ အရေးကြီးပါတယ်။