Home
မြန်မာသတင်း
ခွေးကိုကြိုးချည်ပြီး ဆိုင်ကယ်ဖြင့်ဒရွတ်တိုက်ဆွဲခဲ့သည့် မြန်မာအလုပ်သမား ၂ ဦး အရေးယူခံရ
DVB
·
December 12, 2017
  ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပွန်းခရိုင်ထဲမှာ ခွေးကို ကြိုးနဲ့ချည်ပြီးဆိုင်ကယ်နဲ့ ဒရွတ်တိုက်ဆွဲခဲ့တဲ့  မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦး အရေးယူခံရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ လမ်းပွန်းခရိုင် မဲ့ထားမြို့နယ်ရှိ ၀က်မွေးမြူရေးခြံအလုပ်သမား မြန်မာနိုင်ငံသား အသက် ၂၉ နှစ်ရွယ် နိုင်းခင်နဲ့ နိုင်းခမ်း တို့နှစ်ဦးဟာ ဒီလ ၂ ရက်နေ့ ည ဆယ်နာရီလောက်က နမ့်တန်အမည်ရှိ ၃ နှစ်သားခွေးမတကောင်ကို ကြိုးနဲ့ချည်ပြီး ဆိုင်ကယ်နဲ့ တရွတ်တိုက်ဆွဲသွား ခဲ့ပါတယ်။ သူတို့ဟာ အဆိုပါခွေးမလေးကို ထားဒွန်းချိုင်းရွာကနေ ထာ့ဆုပ်ဆောက်ရွာထိ အကွာအဝေး ၂ ကီလိုမီတာ ဆွဲခေါ်သွားတာကြောင့် ခွေးမှာ ဒဏ်ရာတွေရရှိပြီး ရွာသားတွေက တိရိစ္ဆာန်ဆေး ကုသရေးဌာနကို ပို့ဆောင်ပေးခဲ့ရပါတယ်။ ခွေးညှဉ်းပန်းနှိပ်စက်တဲ့ သူတို့ကိုလည်း ရွာသားတွေက ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။  တိုင်တန်းခံရတဲ့ထဲမှာ မြန်မာလုပ်သားလူငယ် ၂ ဦးအပြင် ဆိုင်ကယ်ပိုင်ရှင်၊ ဆိုင်ကယ် မောင်းသူ အသက် ၁၆ နှစ်ရွယ် ထိုင်းလူငယ်တစ်ဦးပါ ပါဝင်ပါတယ်။ သူတို့ ၃ ဦးဟာ အတိုင်ခံရပြီးတဲ့နောက် ထွက်ပြေးတိမ်းရှောင်နေခဲ့တာမှာ အခုခါ သူတို့ ၃ ဦးလုံးတွေ့ရှိပြီဖြစ်ပြီး မြန်မာလုပ်သား ၂ ဦးကလည်း အပြစ်ကို ၀န်ခံထားပါတယ်။ သူတို့ဟာ ခွေးကိုတမင်ညှဉ်းပန်းလိုစိတ်နဲ့လုပ်ခဲ့တာမဟုတ်ဘဲ အရက်မူးနေလို့ ကျူးလွန်မိတာလို့ ဆိုပါတယ်။ ရဲစခန်းကတော့ သူတို့နှစ်ဦးကို အကြောင်းမဲ့တိရိစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှု၊ ညအချိန်မတော် ပစ္စည်းခိုးမှုတွေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။ ဥပဒေအရ တိရိစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုမှာ ၂ နှစ်ထက်မပိုသော ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၄ သောင်းထက်မပိုသော ငွေဒဏ်၊ ဒါမှမဟုတ် ထောင်ဒဏ်ရောငွေဒဏ်ပါ နှစ်ရပ်လုံးချမှတ်နိုင်ပါတယ်။ ပစ္စည်းခိုးမှုမှာ အနည်းဆုံး ၁ နှစ်မှ အများဆုံး ၅ နှစ်ထက်မပိုသော ထောင်ဒဏ် ဒါမှမဟုတ် အနည်းဆုံး ဘတ် ၂ ထောင်မှ ၁ သောင်းထိ ငွေဒဏ် ၊ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမယ်လို့ ဆိုထားပါတယ်။ ထိုင်းလူငယ်မှာ အသက် ၁၈ နှစ်အောက်ဖြစ်တဲ့အတွက် လူငယ်ပြုပြင်ထိန်းသိမ်းရေး ဌာနက တာဝန်ရှိသူတွေနဲ့ အမှုကို စစ်ဆေးသွားမယ်လို့ မဲ့ထားနယ်မြေရဲစခန်းက သတင်းေ ထာက်ကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024