ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုမှု မတည်မငြိမ်ဖြစ်စေဟု ပူတင် ပြော

အမေရိကန်က ဂျေရုဆလင်ကို အစ္စရေးရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုလိုက်တဲ့ ကိစ္စဟာ အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုကို ဖြစ်စေတယ်လို့ ရုရှားသမ္မတ ပူတင်က ဒီဇင်ဘာ ၁၁ ရက်မှာ ပြောကြားသွားပါတယ်။
တူရကီနိုင်ငံ မြို့တော် အန်ကာရာမှာလုပ်တဲ့ တူရကီဝန်ကြီးချုပ်နဲ့ ရုရှားသမ္မတတို့ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က သူ့အနေနဲ့ ဂျေရုဆလင်ကိစ္စနဲ့ ပတ်သက်ပြီး တူရကီသမ္မတ အာဒိုဂန်နဲ့ သဘောတူတယ်လို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
ဂျေရုဆလင်ကိစ္စနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ကျင်းပမယ့် အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ (OIC) အစည်းအဝေးအပြီးမှာ ပြင်းထန်တဲ့ သတင်းစကား ပြောကြားနိုင်မယ်လို့ မျှော်လင့်တယ်လို့လည်း တူရကီဝန်ကြီးချုပ် အာဒိုဂန်က ပြောပါတယ်။
တူရကီဟာ ရုရှားဆီက မြေပြင်မှ ဝေဟင်ပစ် S-400 ဒုံးကျည်စနစ်ကို ဝယ်ယူမယ့်ကိစ္စ အပြီးသတ် လက်မှတ်ထိုးနိုင်ဖို့ နှစ်နိုင်ငံတာဝန်ရှိသူတွေ လာမယ့် သီတင်းပတ်အတွင်း တွေ့ဆုံသွားဖွယ် ရှိတယ်လို့လည်း တူရကီဝန်ကြီးချုပ်က ဆိုပါတယ်။
နေတိုးတပ်ဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တူရကီဟာ ရုရှားထံက ဒုံးကျည်စနစ်ဝယ်ယူဖို့ တနှစ်ကျော်ကြာ ဆွေးနွေးညှိနှိုင်းနေတာလည်း ဖြစ်ပါတယ်။
အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့ဝင်တချို့က တူရကီရဲ့ ရုရှားထံက လက်နက်ဝယ်ယူတဲ့ ကိစ္စဟာ နေတိုးတပ်ဖွဲ့ကို မထေမဲ့မြင်လုပ်တဲ့ကိစ္စလို့ ရှုမြင်ကြတာပါ။
အကြောင်းကတော့ ရုရှားရဲ့စနစ်ဟာ နေတိုးတပ်ဖွဲ့ရဲ့ ကာကွယ်ရေးစနစ်နဲ့ ကိုက်ညီမှုမရှိတာကြောင့် ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။