A d v e r t i s e m e n t With Us

နျူကလီးယားလက်နက် တားမြစ်ရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးရန် တိုက်တွန်း

ဓာတ်ပုံ - အေအက်ဖ်ပီ
၂၀၁၇ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရ ICAN အဖွဲ့က နျူကလီးယားလက်နက် တားမြစ်ရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးဖို့ နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။ ၂၀၁၇ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်နေ့က နော်ဝေနိုင်ငံ မြို့တော် အော်စလိုမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို နိုင်ငံတကာ နျူကလီးယားလက်နက် ဖျက်သိမ်းရေး လှုပ်ရှားမှုလို့ခေါ်တဲ့ ICAN အဖွဲ့က ရရှိသွားခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ဟီရိုရှီးမား ဗုံးဒဏ်သင့်ခဲ့တဲ့ အသက် ၈၅ နှစ်အရွယ် ဆက်ဆူကို သာလိုးဆိုသူ အမျိုးသမီးလည်း တက်ရောက်ခဲ့ပါတယ်။ ICAN အဖွဲ့ဟာ ကုလသမဂ္ဂ နျူကလီးယားလက်နက် တားမြစ်ရေးစာချုပ်မှာ လက်မှတ်ရေးထိုးကြဖို့ လှုပ်ရှားနေကြတဲ့ အစိုးရမဟုတ်တဲ့ အောက်ခြေလူတန်းစား ၄၆၈ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ICAN အဖွဲ့ အလုပ်အမှုဆောင်ဒါရိုက်တာ ဘီးထရစ်ဖင်းက “ကမ္ဘာတဝန်းရှိ နိုင်ငံအားလုံး နျူကလီးယားလက်နက် တားဆီးရေး နည်းလမ်းကို ရွေးချယ်ကြပါ။ အဲဒါကတော့ နျူကလီးယားလက်နက် တားဆီးရေးကို ကိုယ်စားပြုတဲ့ သဘောတူစာချုပ်ပါပဲ။ ဒီသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးကြပါ” လို့ ပြောပါတယ်။ ဟီရိုရှီးမား အဏုမြူဗုံးဒဏ်သင့်ခဲ့သူ ဆက်ဆူကို သာလိုးကလည်း “ကျမ ပတ်ပတ်လည်ဟာ မမှတ်မိနိုင်လောက်အောင်၊ စိတ်ကူးကြည့်လို့ မရနိုင်လောက်အောင် အပျက်အစီးတွေကို တွေ့ခဲ့ပါတယ်။ တစ္ဆေသရဲတွေနဲ့တူတဲ့ လူတွေဟာ တန်းစီပြီး ဖြည်းဖြည်းချင်း သွားနေကြတယ်။ အရုပ်ဆိုး အကျည်းတန်တဲ့ ဒဏ်ရာရသူတွေကို ကျမ မြင်ခဲ့ရတယ်။ တချို့က သွေးတွေထွက်နေတယ်။ တချို့က မီးကျွမ်းနေတယ်၊ တချို့ကျတော့ မည်းတူးပြီး ဖောရောင်နေကြတယ်” လို့ ပြောပါတယ်။ အဲဒီ ကုလသမဂ္ဂ နျူကလီးယားလက်နက် တားမြစ်ရေး သဘောတူစာချုပ်မှာ နိုင်ငံပေါင်း ၁၂၂ နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးထားပါတယ်။ ဒါပေမယ့်လည်း နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေက အဲဒီသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးခြင်း မရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up