Home
ဆောင်းပါး
ဂျေရုဆလင် မီးတောက်
DVB
·
December 12, 2017
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ဂျေရုဆလင်မြို့ကို အစ္စရေးလ်နိုင်ငံရဲ့ မြို့တော်အဖြစ် သတ်မှတ်တာကို အသိအမှတ်ပြုလိုက်ကြောင်း ထုတ်ဖော်ပြောကြားအပြီးမှာ ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံ အတော်များများက အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကကို ခရီးသွားလာမှု သတိပေးချက်တွေ ထုတ်ပြန်ကြေညာလိုက်ကြပါတယ်။ အမေရိကန်သမ္မတရဲ့ အဲဒီထုတ်ဖော်ပြောကြား အသိအမှတ်ပြုမှုကို ပြင်သစ်နိုင်ငံနဲ့ ပါလက်စတိုင်းအပြင် တခြားနိုင်ငံအတော်များများက ကန့်ကွက်ပြစ်တင်ခဲ့ကြ၊ ဆန္ဒပြပွဲတွေ လုပ်နေကြတာကိုလည်း နိုင်ငံတကာသတင်းတွေမှာ တွေ့မြင်နေရပါတယ်။ အမေရိကန်ပြည်ထောင်စုထဲမှာလည်း သဘောမတူ ကန့်ကွက်သူ အများကြီး ရှိနေကြပါတယ်။ တကယ်တော့ ဒါဟာ အမေရိကန်သမ္မတ ထရမ့်က ဂျူးစီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ လက်ယာယိမ်း မဲဆန္ဒရှင်တွေရဲ့ ကျေနပ်မှုရအောင် လုပ်ပေးလိုက်တာဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ အမန်၊ ရာဘတ်နဲ့ ကိုင်ရိုအပြင် ပါကစ္စတန်အထိ ပြည်သူတွေက လမ်းပေါ်ထွက် သမ္မတ ထရမ့်ရဲ့ အဲဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ အနောက်ဘက်ကမ်းဒေသ၊ ဂါဇာကမ်းမြောင်ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူ ပါလက်စတိုင်းတွေနဲ့ အစ္စရေးလ်တပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြလို့ အစ္စရေးလ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ ပါလက်စတိုင်း အနည်းဆုံး ဆန္ဒပြသူ ၂ ယောက် သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ ရာနဲ့ချီပြီး ဒဏ်ရာရခဲ့ကြတယ်လို့လည်း တချို့က ဖော်ပြခဲ့ပါတယ်။ အမရိကန်ပြည်ထောင်စုက ရှေ့နေတွေကလည်း သမ္မတထရမ့်ရဲ့ ခရီးသွား တားမြစ်မှုကို တရားရုံးချုပ် လက်ခံခွင့်ပြုလိုက်တာကို ကန့်ကွက်ခဲ့ကြပြီး အယူခံတရားရုံးကို ထပ်မံတင်သွင်း ကန့်ကွက်ခဲ့ကြပါတယ်။ ဗာဂျီးနီးယား ဖက်ဒရယ်အယူခံတရားရုံးက တရားသူကြီးတွေကတော့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ အစိုးရရှေ့နေတွေကို တန်ပြန်မေးခွန်းတွေ တရစပ်မေးပြီး သမ္မတထရမ့်ရဲ့ တားမြစ်ပိတ်ပင်မှု နောက်ဆုံးမူဟာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ မွတ်ဆလင်အများစုဖြစ်တဲ့ နိုင်ငံခြားသား သန်း ၁၅၀ အပေါ် တားမြစ်ပိတ်ပင်မှုလုပ်ဖို့ အခွင့်အာဏာ ရှိ၊ မရှိ စစ်ဆေး အငြင်းပွားခဲ့ကြပါတယ်။ ဒီကြားနာစစ်ဆေးမှုဟာ အမေရိကန်သမ္မတရဲ့ ခရီးသွားခွင့် တားမြစ်ပိတ်ပင်မှုကို အမေရိကန်တရားရုံးချုပ်က ခွင့်ပြုလိုက်ပြီးတဲ့နောက် ၄ ရက်မြောက်နေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို အယူခံတင်သွင်းလာမှုတွေကို ပြည်နယ်အယူခံတရားရုံးတွေကနေ လက်ခံကြားနာ စစ်ဆေးပေးခဲ့ပေမယ့် အမေရိကန် ဒုလက်ထောက်ရှေ့နေချုပ် ဟာရှင်းမ်မူးပင်ကတော့ တရားသူကြီးတွေကို ဒီ နောက်ဆုံး ခရီးသွားလာခွင့်ပိတ်ပင်မှု မူဟာ ကမ္ဘာ့လွှမ်းခြုံအေဂျင်စီတွေက အမေရိကန်နဲ့ လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်တွေ လုံလောက်အောင် မျှဝေမပေးတဲ့ နိုင်ငံတွေ ရှိနေတယ်ဆိုတာ တွေ့ရှိခဲ့မှုကနေ ဖြစ်ပေါ်လာတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး နောက်ဆုံး ပိတ်ပင်တားဆီးမှု မူဟာ မွတ်ဆလင်ဆန့်ကျင်ရေး မဟုတ်ဘဲ အမျိုးသားလုံခြုံရေးအတွက် လိုအပ်မှုအရသာ ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ သူကပဲ သမ္မတမှာ သူက အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိပါးအန္တရာယ်ပေးနိုင်တယ်လို့ ယုံကြည်ရင် နိုင်ငံခြားသားတွေကို ပိတ်ပင်ဟန့်တားဖို့ ကျယ်ပြန့်တဲ့ စီမံအုပ်ချုပ်ခွင့်အာဏာ ရှိတယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။ အမျိုးသား အမေရိကန် အရပ်သားလွတ်လပ်ခွင့်သမဂ္ဂရဲ့ ဥပဒေရေးရာ လက်ထောက်ဒါရိုက်တာ စီစီလျာဝမ်ကတော့ “ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ရမှာကတော့ သမ္မတဟာ မွတ်ဆလင်တွေကို ဆန့်ကျင်တဲ့ ကြေညာချက်တွေကို ဆက်ပြီး ထုတ်နေခဲ့တာပဲ ဖြစ်တယ်” လို့ ပြောဆိုခဲ့ပါတယ်။ အနောက်ဘက်ကမ်းဒေသရဲ့ မြို့တော် ရာမူလာမှာ ဒီဇင်ဘာ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အစ္စရေးလ် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပါလက်စတိုင်း ဆန္ဒပြသူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုဟာ အတော်ပြင်းထန်ခဲ့ပါတယ်။ အဲဒီအနောက်ဘက်ကမ်းဒေသ၊ ဂါဇာကမ်းမြောင်ဒေသနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက ကန့်ကွက်ဆန္ဒပြမှုတွေ ဆက်တိုက်လိုလို ဖြစ်ပွားလာတဲ့အချိန်မှာ သမ္မတထရမ့်ရဲ့ ဂျေရုဆလင်မြို့တော်ကို အစ္စရေးလ်နိုင်ငံရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုလိုက်တဲ့ ကိစ္စအပေါ်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆန်က အဲဒီအသိအမှတ်ပြုမှုအရ အမေရိကန်သံရုံးကို ခုရှိနေတဲ့ တဲလ်အဗစ်မြို့တော်ကနေ ဂျေရုဆလင်မြို့ကို ပြောင်းဖွင့်ဖို့ နှစ်အတော်ကြာ အချိန်ယူရဦးမယ်လို့ ပြောဆိုခဲ့တာကို သတင်းမီဒီယာတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ သမ္မတ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အချိန်ယူရဦးမယ်ဆိုတဲ့ သဘောလို့ ယူဆရပါတယ်။ အဲဒီလိုပြောပြီးလို့ မကြာခင်မှာပဲ ကမ္ဘာပေါ်မှာ အစ္စလာမ်ဘာသာဝင် အများဆုံးရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံမှာလည်း ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာတဲ့အတွက် အလားအလာကတော့ အမေရိကန်သမ္မတရဲ့ အဲဒီဆုံးဖြတ်ချက်ကို ကမ္ဘာ့နိုင်ငံတွေက ဒီထက်ပိုပြီး ဆန့်ကျင်ကန့်ကွက်လာနိုင်စရာ ရှိတယ်လို့ ပြောရမှာပါပဲ။ လက်ရှိအခြေအနေမှာတော့ ကာယကံရှင် အစ္စရေးလ်နိုင်ငံ ဝန်ကြီးချုပ်က သမ္မတထရမ့်ကို ဒီလို သတ္တိရှိတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တဲ့အတွက် လေးလေးနက်နက် ကျေးဇူးတင်တဲ့အကြောင်း ပြောခဲ့တာကလွဲလို့ ထောက်ခံချီးကျူးသူ မရှိသလောက်ပဲဆိုတာ တွေ့ရပါတယ်။ အစ္စရေးလ် ဝန်ကြီးချုပ် နေတန်ယာဟုကတော့ “ကျနော်ကလည်း ရှင်းရှင်းဖြစ်စေချင်ပါတယ်။ မြင့်မြတ်တဲ့ ဘာသာရေး အထွတ်အမြတ် နေရာတွေမှာ နဂိုအခြေအနေကနေ ဘယ်လို အပြောင်းအလဲမှ ရှိမှာမဟုတ်ပါဘူး။ အစ္စရေးလ်က အမြဲတမ်း ဂျူးတွေ၊ ခရစ်ယာန်တွေနဲ့ မွတ်ဆလင်တွေရဲ့ ကိုးကွယ်ဝတ်ပြုမှု လွတ်လပ်ခွင့်ကို အာမခံပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံရဲ့ မဟာမိတ်ဖြစ်တဲ့ ပြင်သစ်နိုင်ငံ အပါအဝင် ဥရောပသမဂ္ဂဝင်နိုင်ငံ ၂၈ နိုင်ငံစလုံးက နိုင်ငံခြားရေးဝန်ကြီးတွေ အားလုံးကတော့ သမ္မတထရမ့်က သူ့ရဲ့ အဲဒီကြေညာချက်ကို မကြေညာခင် တရက်အလို မျက်နှာချင်းဆိုင် တွေ့ကြကတည်းက အစ္စရေးလ်နိုင်ငံ သံရုံးကို ဂျေရုဆလင်မြို့ကို ပြောင်းရွှေ့ရေးကိစ္စကို ကန့်ကွက်ဆန့်ကျင်ခဲ့ကြတယ်လို့ ဥရောပကော်မရှင်က ပြောဆိုခဲ့ပါတယ်။ ဥရောပသမဂ္ဂရဲ့ အဆင့်မြင့် နိုင်ငံခြားရေးရာ အကြီးအကဲ မိစ်မိုဂေရီနီကလည်း အစ္စရေးလ် ပါလက်စတိုင်း ပဋိပက္ခကို အောက်ခြေပိုင်းမှာ ပိုပြီး တင်းမာမှုတွေ မြင့်မတက်လာရအောင် ဆက်နွှယ်နေတဲ့ လှုပ်ရှားဆောင်ရွက်နေသူတွေ အားလုံးက ရှောင်ရှားကြဖို့ ပြောဆို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ သူက “အခုဖြစ်နိုင်တဲ့ အဆိုးဆုံးအရာကတော့ ဘာသာရေးအရ မြင့်မြတ်တဲ့ နေရာတွေဝန်းကျင်မှာ တင်းမာမှုတွေ ပိုပြီးမြင့်တက်လာမှာ ဖြစ်ပါတယ်။ ဘာလို့ဆိုတော့ ဂျေရုဆလင်က ဒေသတခုလုံးနဲ့ ကမ္ဘာတဝန်းလုံးကို ပြဿနာဖြစ်စေနိုင်လို့ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ အဲဒီလိုပဲ အခု သူ့ရဲ့ စီးပွားရေး၊ နိုင်ငံရေး မဟာဗျူဟာ စီမံကိန်းကြီးဖြစ်တဲ့ ဒေသတခု လမ်းတသွယ် အကောင်အထည်ဖော်ဆောင်ဖို့ ကြိုးပမ်းနေတဲ့ တရုတ်နိုင်ငံကလည်း အစ္စရေးလ်နိုင်ငံနဲ့ စီးပွားရေးနဲ့ စစ်ရေးအရ ဆက်ဆံရေး တိုးမြှင့်ထားခဲ့ပေမယ့် ပါလက်စတိုင်းနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးကို ဆက်ပြီး ထိန်းသိမ်းထားတဲ့အတွက် အဲဒီနှစ်နိုင်ငံလုံး ပဋိပက္ခ တိုးမြင့်လာမှာကို မလိုလားနိုင်တာ အမှန်ပါပဲ။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂင်ရွှမ်က ဗုဒ္ဓဟူးနေ့က သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အကြံအစည်ဟာ တင်းမာမှုတွေ မြင့်မားလာအောင် လုပ်လိုက်သလို ဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီလိုပဲ ရုရှား ကရင်မလင်နန်းတော် သတင်းထုတ်ပြန်ရေး အကြီးအကဲ ဒီမီထရီ ပက်စ်ကော့ဗ်ကလည်း “အမေရိကန်သမ္မတ ထရမ့်ရဲ့ ထုတ်ပြန်ကြေညာချက် နောက်ပိုင်းမှာ ဒေသတွင်းမှာ တင်းမာမှုတွေ ချက်ချင်း ဖြစ်ပေါ်လာခဲ့တဲ့အတွက် စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ်လာစေပါတယ်။ ကျနော်တို့ကတော့ ဒီဆုံးဖြတ်ချက်ဟာ အနည်းဆုံး အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်တိုးတက်မှုကို အထောက်အကူ မပြုတဲ့အပြင် ဆန့်ကျင်ဘက်ဖြစ်တဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေကြားမှာ အကွဲအပြဲဖြစ်အောင် ဦးတည်နေတယ် ဆိုတာကို ကျနော်တို့ မြင်နေရပါပြီ” လို့ ပြောကြားခဲ့ပါတယ်ဆိုတာ တွေ့ရပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ ဝါရှင်တန်ရဲ့ ဂျေရုဆလင်မြို့ကို အစ္စရေးလ်နိုင်ငံ မြို့တော်အဖြစ် အသိအမှတ်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်အတွက် အကြီးအကျယ် ပူပင်သောက ဖြစ်ရပါတယ်လို့ ကြာသပတေးနေ့က ပြောဆိုခဲ့ကြောင်း မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံအားလုံးက ဝိုင်းဆန့်ကျင်ကြရင် သူ ဘယ်လိုစဉ်းစားမှာပါလဲ။ အမေရိကန်လွှတ်တော် ၂ ရပ်ကရော သမ္မတ အဆုံးအဖြတ်အတိုင်း လိုက်လျောနိုင်ကြပါ့မလား။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ခုချိန်မှာတော့ ကမ္ဘာမှာ အဆူပွက်ဆုံးကိစ္စတခုပဲ ဖြစ်ပါတယ်။        ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024