ဆော်ဒီတွင် ရုပ်ရှင်ရုံများ ပိတ်ပင်ထားခြင်းအား ပြန်လည်ပြသခွင့်ပြုမည်

ဓာတ်ပုံ - အေအက်ဖ်ပီ
2K
ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ ရုပ်ရှင်ရုံတွေ ပိတ်ထားတာကို နောက်နှစ်အစောပိုင်း ပြန်လည်ခွင့်ပြုတော့မယ်လို့ အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
ဒါပေမယ့် ဘယ်လို ရုပ်ရှင်အမျိုးအစားတွေကို ပြသမယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိသေးဘူးလို့ ဆိုပါတယ်။
ဆော်ဒီ သတင်းနဲ့ယဉ်ကျေးမှုဝန်ကြီး အဝက်ဒ်ဘင်စာလာအလာဝက်ဒ်က “ရုပ်ရှင်လုပ်ငန်း ကြီးကြပ်မှုအရ ရုပ်ရှင်မီဒီယာ အထွေထွေကော်မရှင်က ရုပ်ရှင်လိုင်စင်လုပ်ငန်း အဆင့်ဆင့်အတွက် စတင်လုပ်ဆောင်နေပြီ။ ပထမဦးဆုံး ရုပ်ရှင်ရုံကို ၂၀၁၈ ခုနှစ် မတ်လမှာ ဖွင့်ဖို့ ကျနော်တို့ မျှော်လင့်နေတယ်” လို့ ပြောပါတယ်။
အစ္စလာမ်အစွန်းရောက်တွေကို တုံ့ပြန်တဲ့အနေနဲ့ ၁၉၈၀ ခုနှစ်တွေကတည်းက ရုပ်ရှင်ရုံတွေ ပိတ်ခဲ့တာဖြစ်ပြီး အခုနှစ် ဇန်နဝါရီလအထိ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်မယ့်ကိစ္စကို ဘာသာရေးခေါင်းဆောင်တွေက ပယ်ချခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ် အနည်းငယ်က ပထမဆုံးရုပ်ရှင် အစမ်းပြသပြီး ရုပ်ရှင်ရုံတွေ ပိတ်ထားတာကို တရားဝင် ပြန်လည်ဖွင့်ဖို့နဲ့အတူ ရုပ်ရှင်ပြဖို့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်နိုင်ခဲ့တာလို့ ဂါ့ဖ်နယူးစ်သတင်းအရ သိရပါတယ်။
ဒီလိုဆုံးဖြတ်တာက ဆော်ဒီဘုရင့်နိုင်ငံကို ပိုမိုခေတ်မီလာအောင် ရည်ရွယ်ပြီး ယဉ်ကျေးမှုနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဖြစ်တဲ့ အစိုးရရဲ့ ၂၀၃၀ ရည်မှန်းချက် အစီအစဉ်တွေထဲက အပိုင်းတပိုင်းဖြစ်တယ်လို့ မေရာသတင်းမှာ ဒီဇင်ဘာ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။